လက်နက်တွေမှာ အနုပညာပါသည်။ စစ်သုံးဓားမြှောင်တစ်ချောင်းကစ အနုပညာပါသည်ဟု ထင်သည်။ အသွားရှစ်လက်မခန့် အနည်းဆုံးရှိသည့် စစ်သုံးဓားမြှောင်တစ်လက်ဆိုပါစို့။ သတ္တုသားဓားအိမ်ထဲ ထည့်ထားစဉ် ဘာမှသိပ်မဟုတ်သလိုမြင်ရမည်။ သို့တိုင်အောင် သေသပ်တိကျသော သတ္တုသား ဓားအိမ်၏ အနေအထားနှင့် သူ့နှင့်ဆက်စပ်နေသည့် ခါးပတ်ကြိုးစသည်တို့ကပင် အတော်အဟန့်ကောင်းနေပြီ။ ခလုတ်ကို နှိပ်ပြီး ဓားကိုဆွဲထုတ်လိုက်ရင်တော့ အရာရာပြီးပြည့်စုံလေပြီ။ အပေါ်သွားတွင် တိတိကျကျဖော်ထားသော လွှသွားတွေက အန္တရာယ်မှန်သမျှ တစစီဆွဲဖြဲပစ်တော့မည့်နှယ် မာန်စွယ်ပြလျက်။ အောက်ဘက်ဓားသွားကလည်း မသိမသာဝေ့ဝိုက်ရင်းက တစ်ခုသောနေရာမှာ ချွန်ထက်စွာအဆုံးသတ်မည်။ လက်ထဲ ဆကြည့်ရင်တော့ ဓား၏ အရသာက စေးပိုင်လျက်။
သေနတ်တွေထဲမှာတော့ လေသေနတ်နှင့် ရင်းနှီးဖူးသည်။ ဦးလေးတစ်ယောက်ပိုင်သော လေသေနတ်တစ်လက် အိမ်မှာ ကာလအတန်ကြာ သောင်တင်နေစဉ် ရင်းနှီးခဲ့ခြင်းဖြစ်သည်။ ခါးချိုးခြင်းက လေဖြည့်ခြင်းဆိုလည်း ဟုတ်သည်။ပြီးလျှင် ခဲကျည်တပ်၍ လိုရာချိန်ပစ်ရုံသာ။ ဘာကြောင့်မှန်းတော့မသိ လေသေနတ်တစ်လက်ကို ကိုင်ရတာ ကြာလာချိန်မှာ စိတ်ထဲသိပ်မကြိုက်တော့။
သည်ကြားမှာ စစ်ကျန်ရိုင်ဖယ်အိုကြီးတွေအကြောင်း မိတ်ဆွေတစ်ဦးပြောပြလို့ သိခဲ့သည်။ သေနတ်အကြောင်းသေချာသိပြီး ကျကျနနသာ ကိုင်တွယ်တတ်ပါစေ အတော်တိကျသော ပစ်ခတ်မှုကိုရမည့်အကြောင်း သူကဆိုသည်။သူက ပုခုံးမှာ ထောက်နည်းကစလို့ချိန်သီးကို ဘယ်လိုကြည့်အဆုံး သူ့မျက်လုံးတွေက တောက်ပလို့။ လက်ညှိုးကိုကွေးချစဉ်ပါးစပ်က ထွက်လာသည့် အသံသည်ပင် စိတ်လှုပ်ရှားစရာ ကောင်းသေးတော့သည်။
သြော်... သေနတ်တွေ၊ လက်နက်တွေ။ မောင်းပြန်ရိုင်ဖယ်တစ်လက်ကို အနီးကပ်တွေ့ဖူးချိန်တစ်ခုကို သတိရသည်။ အထက်တန်းတက်နေစဉ် ကိုယ်နေသည့်ကျောင်းက တပ်တွင်းကျောင်းဖြစ်ပြီး နေ့ချင်းပြန်တက်ရတာဖြစ်သည်။သည်မှာနေ့လယ်ထမင်းစားချိန်အပြီး စတည်းချရာ အိမ်ကနယ်မြေလုံခြုံရေးကို တာဝန်ယူရသူ၏အိမ်ဖြစ်သည်။ သည်မှာ အထက်လူကြီးတွေလာချိန်မျိုးဆို အိမ်ရှင်က တာဝန်ခံမို့ အိမ်ကို သေနတ်ယူလာတတ်သည်။ တစ်ရက်ကျောင်းက အပြန် သည်အိမ်မှာ ခဏနားစဉ် အိမ်ရှေ့ခန်းတိုင်အကွယ်မှာ ထောင်ထားသောထိုအရာကိုတွေ့သည်။ အနည်းငယ်မှောင်နေသည့်နေရာကနေ တစ်ပိုင်းတစ်စလှမ်းမြင်ရသည့်တိုင် သူ့အသွင်က ြွကရွလျက်။
ခန်းဆီးစဘေးထောင်နေသော ပြောင်းအုပ်အကာ၏အရောင်က အလင်းမှိန်မှိန်မှာပင် စိုရွဲလျက်။ သူ့အထက်က နက်မှောင်သောပြောင်းကို သည်အတိုင်းလှမ်းမြင်ရစဉ် လူက ထိုအရာဆီ အပြေးရောက်သွားသည်။
"ဟာ " ... မ ကြည့်တော့ အတော်အတန်လေးသည့် အထိအတွေ့က လက်မှာသိသည်။ ၇ ဒသမ ၆၂ ကျည်သုံး နာမည်ကျော်G2။ ကျည်အတောင့်နှစ်ဆယ်ပါမဂ္ဂဇင်းကတ်က အောက်မှာတပ်လျက်သား။ ဂျာမနီ၏ ဖရစ်ဝါနာ ကုမ္ပဏီနှင့် လိုင်စင်ခံထုတ်သော မောင်းပြန်ရိုင်ဖယ်။ လက်ရှိအားဖြင့် တူရကီ၊ ပါကစ္စတန်၊ အီရန် အပါအဝင် နိုင်ငံ အတော်များများမှာ သုံးနေသည့်NATO စံနှုန်းပါလက်နက်။ အိမ်ရှင်ဦးလေးက အပြေးရောက်လာသည်။ "ဟေ့ ...ဟေ့ သောက်ကျိုးနည်းကုန်ပါ့မယ်ကွာ"သူက ပြောပြောဆိုဆို သေနတ်ကိုပြန်ယူပြီး ကျည်ကတ်ကို ဖြုတ်သည်။ပြီး သေချာစစ်ဆေးပြီးမှ လက်ထဲပြန်ထည့်သည်။
ကျွန်တော်က လက်ထဲက ထိုသေနတ်ဖြင့် အိမ်ခေါင်းရင်း သြဇာပင်ကြီးပေါ်က အသီးတွေကို တစ်လုံးချင်း ထိုးချိန်သည်။ အိမ်ရှေ့တမာပင်ပေါ်က ခွဆုံတွေ၊ ဓာတ်တိုင်ပေါ်က ြွေကသီးတွေကို ချိန်သည်။ ထိုအချိန်တွင် ကျွန်တော့်စိတ်ထဲ ဘာ့ကြောင့်တစ်စုံတစ်ရာကျေနပ်နေသလဲမူ မသိ။
ထိုအချိန် ပြင်ပကမ္ဘာ၏ အရေးအရာတွေထဲ ထိုအရာတွေက သိဖို့ခဲယဉ်းသော အနေအထားဖြစ်သည်။သိလိုလျင်တစ်ခုတည်းသော အားကိုးရာက အစိုးရထုတ် နိုင်ငံတကာရေးရာဂျာနယ်ကလွဲ တခြားမရှိ။ အမေရိကန်ထုတ်M-16 ချေမှုန်းရေးရိုင်ဖယ်တစ်လက်သည် လှသည်။ ဆိုဗီယက်ပြည်ထောင်စုထုတ် AK-47 ရိုင်ဖယ်သည်လည်း တမျိုးလှသည်။M-16 ၏ ပြောင်းအုပ်က အရင်းမှာကြီးပြီး အဖျားရှူးသွားသည့်ဟန်က တခြားသေနတ်တွေထက် ထူးခြားသည်။ ထို့ပြင် သေနတ်ဒင်သည် ကိုယ်ထည်နှင့် တစ်ပြေးညီအနေအထားရှိပြီး ပခုံးထောက်က တခြားသေနတ်တွေလို ထက်အောက်အတည့်မဟုတ်ဘဲ အောက်မှအရှေ့ဆီ လျှောဆင်းသွားတာကလည်း ထူးသည်။ ဒါ့ထက်ပို၍တော့ ကိုယ်ထည်ပေါ်က နောက်ချိန်သီးလည်းဟုတ် လက်ကိုင်လည်း ဟုတ်သည့် ကိုင်းအကွေးပုံ ချိုးထည့်ထားခြင်း ဖြစ်သည်။ဤသည်ကပင် ထိုသေနတ်၏ သွင်ပြင်ကို တခြားသေနတ်တွေနှင့် ကွဲပြားသွားစေခြင်းဖြစ်မည်။ AKကတော့ အကြမ်းပတမ်းခံပြီး အလွယ်တကူပြင်ဆင်နိုင်ခြင်း အားသာချက်ဖြင့် နာမည်ကျော်သည်။ သူ့ထူးခြားချက်က ဓာတ်ငွေ့ပိုက်တပ်ဆင်ပုံနှင့် ကျည်သုံးဆယ်ဆံ့ကျည်ကတ်ဖြစ်မည်။ မည်သို့ဆိုစေM-16 ကောAK ပါ လှသည်။ အီဒင်ဟားဇက်တို့၏ နာမည်ကျော် FNCရိုင်ဖယ်သည်လည်း လှသည်။ ဂျာမနီ၏HK-33 တွေလည်းလှသည်။ သြဇီတို့၏ သေနတ်ဒင်အောက် ကျည်ကပ်တပ်ဆင်ရသောSTYER AUG ကလည်း တစ်နည်းလှသည်။ အစ္စရေးတို့၏ GALI ကလည်း လှသည်။ ယခုဆို ဆမ်မီတို့၏ K seriesတွေလည်းအတော်လှသည်။ ဒါ့ပြင်sub machine gun တွေထဲအစ္စရေး၏ နာမည်ကျော် UZI က လှသလို နောက်ထွက်ဖြစ်သော ဂျာမန်တို့၏ HK MP5 ကလည်း မိုက်သည်။
မနေ့က ကျွန်တော်သည် အမှတ်မထင် f youtube ထဲဝင်ကြည့်သည်။ သည်မှာပင် လက်နက်တွေအကြောင်း အတော် ကြည့်ဖြစ်သွားသည်။ သေနတ်တွေ ...သေနတ်တွေ ကမ္ဘာပေါ်မှာ အဲဒီလောက်ပေါများပါလား။နိုင်ငံစုံက ထုတ်လုပ်သောသေနတ်တွေ လက်နက်တွေကထိုထဲ အပြည့်အသိပ်စောင့်ကြိုနေခဲ့သည်။ ထို့ပြင် ပစ္စတိုတစ်လက်၏ အလုပ်လုပ်ပုံကစလို့ မောင်းပြန်ရိုင်ဖယ်အဆုံးအကုန်ရှိသည်။ ထိုအထဲAK ရိုင်ဖယ်တစ်လက်၏ အလုပ်လုပ်ပုံကို animation ပြကွက်ဖြင့် ပြထားသည်။ ကျည်ရိုက်တံကကျည်ဖင်ကိုရိုက်ပြီး ထိပ်ဖူးက အရှိန်ဖြင့် တွန်းထွက်သွားတာကစလို့ ကျည်ဖူးနောက်လိုက်ပါသွားသော ဓာတ်ငွေ့ကိုနောက်ပြန်ပို့၍ စပရိန်ကိုပြန်တွန်းရင်းမောင်းပြန်ထိုးပုံအဆုံးပြထားသည်။ ထိုအထဲ နိုင်ငံစုံက ထုတ်သော AK မျိုးကွဲတွေ အကြောင်းလည်းကြည့်ရသည်။ ပိုလန်ထုတ် AK၊ ချက်ထုတ် AK ကစလို့ အရှေ့ဂျာမနီနှင့် တရုတ်ထုတ် AKအစုံပါသည်။type တွေကလည်း အစုံ။ တခြားဖိုင်တွေထဲမှာတော့ ဂါဇာက အိမ်တွင်းမှုစက်ပြင်အလုပ်ရုံ သေးသေးလေးတွေထဲ ဒုံးတွေ၊ဗုံးတွေ လုပ်နေတာကိုပြသည်။ ရသမျှ သံတိုသံစတွေကို အရည်ကျိုပြီး ပုံလောင်း စက်ခုတ်စားပြီး ယမ်းဖြည့်တာတွေပြသည်။ မီးဖိုချောင်သုံးဓာတ်ငွေ့အိုးဟောင်းတွေကို လိုသလိုဖြတ်တောက်ပြီး ဖြတ်တောက်ထားသောသံပြားတွေနှင့်ဆက်စပ်ပြီး ဒလက်တွေ တပ်သည်။ ပြီး အချင်းတစ်ပေခွဲခန့် သံပိုက်ကို လိုသလိုဖြတ်ယူ၍ စင်ပေါ်တင်ဂဟေဆော်သည်။ခဏအကြာလူတစ်စုက မç ယူလာသော ဓာတ်ငွေ့ဗုံးသီးကို သံပိုက်အတွင်းကြိုးနှင့်ဆိုင်း၍ဖြည်းဖြည်းချင်းချပြီးနောက်လူတွေက နောက်ဆုတ်သည်။ ပြီး ထိုထဲက တစ်ယောက်က လက်မှာကိုင်ထားသော ကြိုးကို ဆောင့်အဆွဲ ကျယ်လောင်သော ယမ်းပေါက်ကွဲသံနှင့်အတူ ဗုံးသီးက ပြေးထွက်သွားပြီး ခပ်ဝေးဝေးမှာ လှမ်းမြင်နေရသော သုံးထပ်တိုက်ကိုတည့်တည့်ထိမှန်ကာ ထိုတိုက်ကြီးက စက္ကန့်ပိုင်းအတွင်း ဗုန်းဗုန်းလဲပြိုကျသွားသည်။ ထိုအချိန် ပစ်စင်ဘေးရှိနေသူတစ်သိုက်က ဝမ်းသာအားရဖြင့် လက်သီးလက်မောင်းတန်း ထအော်ကြသည်။ "အလ္လာ အက္ကဘာ "။
ကျွန်တော့်ဦးခေါင်းထဲမှာတော့ ချာချာလည်နေပြီ။ ကျည်ရိုက်တံက ပြေးအဆောင့် အရှိန်နှင့်ပြေးထွက်သွားသော ကျည်ဖူးက . . .
နောက်တစ်နေရာဖြစ်သော ဂိုလန်ကုန်းမြင့်ဘက်မှာတော့ ကျူးနစ်ရောင်စစ်ယူနီဖောင်းဝတ်တစ်စုက ကျောက်တောင်တွေကြား အလုပ်ရှုပ်နေခဲ့သည်။ သူတို့ လက်ထဲရှိနေတာကတော့ ယခုအခါကျွန်တော်တို့ဆီတွင် ခေတ်ထနေသော ၁၀၇မမရှော့တိုက်ဒုံးတွေ။ သူတို့က ပစ်စင်မပါဘဲ ဒုံးကျည်ကိုရှေ့မှာ ကျောက်တုံးတွေခုပြီး လိုသလို နေရာချသည်။ပြီးကျွမ်းကျင်သူက ဝိုင်ယာကြိုးတစ်ခွေဖြင့် အလုပ်ရှုပ်နေပြီး ခဏအကြာ အားလုံးနောက်ဆုတ်သည်။ သည့်နောက်တော့ ဒုံးကျည်ဖင်ကနေမီးခိုးတွေ ထွက်လာပြီး အဆုံး၌ ဒုံးကျည်ကပြင်းထန်သော အရှိန်ဖြင့် လေထဲထိုးတက်သွားတော့သည်။ အားလုံးလက်တွေလေထဲမြောက်ကြ "အလ္လာ အက္ကဘာ "သူတို့သည် လက်ထဲက AK ရိုင်ဖယ်တွေကို လေထဲပစ်ဖောက်အော်ဟစ်ကြလေသည်။
မျက်လုံးထဲ ဗီဒီယိုဖိုင်တွေ တစ်ခုပြီးတစ်ခု တက်လာနေသည်။ ကြည့်နေရင်းမှာပင် AK တွေရဲ့နောက်က ကိန်းဂဏန်းအမှတ်အသားတွေကတဖြည်းဖြည်းပြောင်းလာသည်။ 102 တွေ 202 တွေဖြစ်လာသည်။ အိန္ဒိယကတော့မူလAK-47 တွေခေတ်မမီတော့ဟုဆိုကာ သူ့ပြည်တွင်းထုတ်နှင့် အစားထိုးသည်။ သို့ရာတွင် ထိုပြည်တွင်းဖြစ်က အိမ်နီးချင်းမဟာပြိုင်ဘက် ပါကစ္စတန်နှင့်ဖြစ်သော ကန့်သတ်စစ်တစ်ခုအတွင်း ကျည်ညပ်ခြင်းဒုက္ခနှင့်ကြုံလျက် ကျဆုံးသွားသည်။ခုတော့ သူတို့သည် ရုရှားထုတ် AK-102 ဘက် ပြန်လှည့်၍ ပြည်တွင်းလိုင်စင်ခံ၍ တပ်ဆင်ရန် အားထုတ်နေပြီ။
သေနတ်တွေက လှသည်။ လက်နက်တွေမှာ အနုပညာပါသည်။ စစ်သင်္ဘောတစ်စင်းပေါ်က ပစ်လွှတ်လိုက်သော ]တိုမာဟော့ခ်} ပဲ့ထိန်းဒုံးပျံတစ်စင်း ရန်သူ့နယ်မြေတွင်းထိုးဖောက်ပျံသန်းရင်း တောအသွယ်သွယ် တောင်အထပ်ထပ်ကျော်နေသည့်ပုံက လှသည်။ အရေးပေါ်အခြေအနေမှာကွင်းထဲက ထပျံသွားသည့်F-16 တစ်စီး၏ ရန်လိုဟန် အပြည့်ပါသော ခေါင်းမော့ဦးကော့ပြီး တက်သွားဟန်ကလှသည်။ ပြီး သူ့တောင်ပံစွန်းမှာ ချိတ်ဆွဲထားသော ဆိုက်ဝိုင်ဒါAAM ဒုံးကျည်တစ်စင်း၏ လေထဲပျံဝဲသွားပုံကလည်း လှသည်။
ကျွန်တော့်ဦးခေါင်းထဲမှာတော့ ချာချာလည်နေပြီ။ ကျည်ရိုက်တံက ပြေးအဆောင့် အရှိန်နှင့်ပြေးထွက်သွားသော ကျည်ဖူးကanimation ထဲ ပြေးထွက်သွားသည်။ ဒါက ပုံပြ visual သက်သက်မျှသာ။ ပြင်ပကမ္ဘာမှာတော့ လုံခြုံရေး၊ကာကွယ်ရေးကစလို့ ကျူးကျော်ရေး၊ လက်တုံ့ပြန်ရေးတွေ ဆူညံလျက်။ နောက်ဆက်တွဲကတော့ သွေးမြေကျမှုနှင့်အလုံးစြွုံခတ်ခြုံကျမှုတွေ ပါလာမည်။ ကျွန်တော့်ဘေးမှာလည်း သေနတ်မောင်းပေါ်က လက်ညှိုးတစ်ချောင်း နောက်ကွယ်မှာ အမှောင်ထုက ပိန်းပိတ်ဆဲ။ တိုက်ပြီးရင်း တိုက်ရင်း မျိုးဆက်ပေါင်းများစွာက အဟောသိကံဖြစ်ခြင်း ကမ်းခြေတွင်ရေမျောကမ်းတင်ဖြစ်ခဲ့တာကြာပြီ။
Youtube ထဲမှာတော့ လက်နက်မျိုးစုံ၏ သတင်းအချက် အလက်တွေက ရုပ်ရှင်၊ ရုပ်သေပုံပေါင်းများစွာဖြင့် ကျွန်တော်တို့ကို ကလူ၏သို့ မြူ၏သို့ လုပ်နေဆဲ။ မပြီးဆုံးနိုင်သေးသော နှစ် ၇၀ ပြည်တွင်းစစ်၏ အနိဋ္ဌာရုံ အနည်အနှစ်တွေက ဘေးမှာ အစုလိုက်အပုံလိုက်ပို့ချနေဆဲ။ ထိုအရာတွေပေါ်မှာ ကျွန်တော်တို့က ဘာတွေများ အောင်မြင်အောင် စိုက်ပျိုးဖြစ်ထွန်းနိုင်မလဲ။ တောကြိုအုံကြားရှိ မလုံမခြုံ သစ်ခက်တဲနန်းများပေါ် ဘဝကို တင်၍ ရာသီဥတုဒဏ် အငတ်ဘေးနှင့် စိုးရိမ်ကြောင့်ကြမှု ဒဏ်တွေကို တနင့်တပိုး ထမ်းပိုးရင်း နေ့သစ်ကို မျှော်ကြည့်နေသည့် ထောင်သောင်းမကသော မျက်လုံးသေများ။
သေနတ်တစ်လက်၏ အနုပညာဆန်မှု ကျွန်တော်၏ လက်ခံသိရှိမှုထဲ တဖြည်းဖြည်းမှုန်ဝါး လိုက်လာနေသည်။ လက်နက်တွေကို စိတ်ဝင်စားခြင်း၏ အတွင်းသဘော၌ ကျားမဟူသောgender မကွဲပြားခြင်းက မည်၍ မည်မျှ သက်ရောက်နေနိုင်ပါသလဲ။ ဒါမှမဟုတ် ထိုစိတ်ဝင်စားမှု၌gender သဘောမသက်ရောက် ဟု ဆိုလျင်ရော ဒါက ကျွန်တော်၏ စိတ်ပိုင်းတစ်စုံတစ်ရာချွတ်ယွင်းမှု၏ ပြချက်လား။ အချိန်ခဏလေးအတွင်း ကိုယ်ပေါ်စီးနင်းခဲ့သည့် ထိုခံစားမှုကရောလူငယ်တစ်ယောက်၏ စိတြွ်ကမှုသက်သက်ပဲလား။ဒါမှမဟုတ် တခြားရှိသေးလျင် ထိုအရာက ဘာပါလဲ။ ကျွန်တော်သည် ပြတင်းပေါက်ကမြင်ရသော သြဇာသီးတွေကို ချိန်ခဲ့သည်။ တမာပင်ခွကြားကိုင်းဆုံတွေဆီသာ ထိုးချိန်ခဲ့သည်။ အမှန်တရားထဲမှာတော့ ကျည်ရိုက်တံ တစ်ခု၏ သက်ရောက်မှုက ကံမကောင်း အကြောင်းမလှလျင် တစ်ကမ္ဘာစာကျယ်ပြန့်သွားနိုင်မှန်း ယခု ပိုသိလာပြီ။လတ်တလောဖြစ်အင်များအရ ဒေါ်နယ်ထရမ့်၏မောင်းသူမဲ့Drone တစ်စင်းကနေ အီရတ်ကောင်းကင်ယံမှာ "မီးငရဲ " အမည်ရှိ ဓားစကြာပါ တပ်ထားသော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်။အီရန်ဗိုလ်ချုပ်ဆူလေမန်နီ၏ ခန္ဓာကိုယ်သည် စက္ကန့်ပိုင်းအတွင်း တစ်ပိုင်းတစ်စစီဖြစ်သွားသည်။ ဤနေရာတွင် ထရမ့်၏ မီးငရဲနောက်ကွယ်ကစဉ်းစားချက်က လက်ရဲဇက်ရဲလား အဆင်ခြင်မဲ့ခြင်းလား၊ ဒါမှမဟုတ် ထုံးစံအတိုင်း လုံခြုံမှုကာကွယ်ရေး ခေါင်းစဉ်အောက်ကလား။ ထိုသို့ဆိုလျှင်လည်း ထိုအရာတွေ ဤဖြစ်စဉ်တွင် ဘယ်၍ဘယ်မျှ ပါဝင်မလဲ ကျွန်တော်မသိပြီ။ အလားတူစွာ အီရန်တွေဘက်ကကော ဆူလေမန်တစ်ယောက်နဲ့ တစ်ပြည်လုံးလဲဖို့ စဉ်းစားနိုင်သလား ကျွန်တော်မသိ။ သေနတ်မောင်းပေါ်မှေးတင်ထားသော လက်ညှိုးများနောက်ကွယ်မှာတော့ အကျိုးစီးပွားတွေ၊ လက်ဦးမှုဆိုတာတွေ၊ တရားသော၊ မတရားသောတွေ၊ ကာကွယ်နဲ့လုံခြုံတွေ၊ နယ်ချဲ့လက်ဟောင်း၊ လက်သစ်ဆိုတာတွေ၊ အင်အားချိန်ခွင်လျှာဆိုတာတွေ၊ သည်ကနေ ကမ္ဘာစစ်တွေ၊ ဒေသတွင်း စစ်နဲ့ ပြည်တွင်းစစ်တွေ။
ကျွန်တော့်အဖို့ လူငယ်ဘဝက မောင်းပြန်ရိုင်ဖယ်တစ်လက် လက်ထဲရောက်စဉ်ခဏတစ်လောကလုံး ကိုယ့်လက်အောက်ရောက်သွားသလို ခံစားခဲ့ဖူးသည်။ အချိန်ခဏလေးအတွင်းဖြစ်စေကာမူ ကိုယ်ပေါ်စီးနင်းခဲ့ဖူးသည့် ထိုခံစားမှုကကော လူငယ်တစ်ယောက်၏စိတြွ်ကမှုသက်သက်လား။ ကံကောင်းသည်က ထိုစဉ်က ကျွန်တော်က သက်ရှိတစ်စုံတစ်ရာကို ယောင်၍ မချိန်ရွယ်မိခဲ့ခြင်းဖြစ်မည်။ ကြည့်နေစဉ် မှာပင် ဗီဒီယိုဖိုင်တွေထဲက ပစ်ခတ်သံတွေ၊ယမ်းပေါက်ကွဲသံတွေက အာရုံမှာ တဖြည်းဖြည်း မှုန်ဝါးလာနေပြီ။ ဖြစ်နိုင်မည်ဆိုလျင် ထိုမှုန်ဝါးမှုတွေ အဆုံးတိုင် အငွေ့ပျံပျောက်ကွယ်သွားမည့်အချိန်ကို ကျွန်တော် စောင့်စားနေမိပါသည်။







