ရုပ်ရှင်နှင့်ဂီတ အကောင်းဆုံးပေါင်းစပ်ပြသခဲ့တဲ့ ဂန္ဓဗ္ဗ

ရုပ်ရှင်နှင့်ဂီတ အကောင်းဆုံးပေါင်းစပ်ပြသခဲ့တဲ့ ဂန္ဓဗ္ဗ

အော်လန်တို့ရဲ့ အဓိက တာဝန်က တစ်ပတ်နဲ့တစ်ပတ် မြန်မာပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကားတွေကို ဖော်ပြပေးနေတယ်လို့ဆိုရင် မှားသွားပါလိမ့်မယ်။ အော်လန်တွေ့ရသလောက် အော်လန်တို့နှစ်ခြိုက်ပြီး အမှတ်များများရသွားတဲ့ ရုပ်ရှင်တွေထဲမှာ တော်တော်များများက မြန်မာပရိသတ် အများစုအကြိုက် မဟုတ်ကြတာကိုပါပဲ။

မြန်မာရုပ်ရှင်အစည်းအရုံးနဲ့ ရုံပိုင်ရှင်တွေ ပူးပေါင်းဆုံးဖြတ်သတ်မှတ်လိုက်တဲ့ ရုံရှင်ကားရှင်စနစ်အရ လူကြိုက်များတဲ့ ဇာတ်ကားတွေကသာ ပြရက် အများဆုံးနဲ့ ဗိုလ်စွဲတတ်ကြပါတယ်။

အဲဒီထဲမှာ အခုဖော်ပြမယ့် ဒါရိုက်တာအောင်ကိုလတ်ရဲ့ ဂန္ဓဗ္ဗရုပ်ရှင်က ပါဝင်နိုင်မယ် မထင်ပါဘူး။ အော်လန်ကြားသိရသလောက်စပြတဲ့ ပထမဦးဆုံးသီတင်း ပတ်မှာပဲ လူဝင်နဲနေတဲ့ ဂန္ဓဗ္ဗက နောက်ထပ်ဒုတိယတစ်ပတ်တောင် ရုံဆက်တင် နိုင်ဖို့ မသေချာတော့လို့ပါပဲ။

အရင်ကလို ကောင်းကောင်း မကောင်းကောင်း တန်းစီစနစ်နဲ့ ပြရတဲ့ခေတ်မဟုတ်တော့ဘဲ ပရိသတ်တွေ ကြိုက်လောက်မယ့် ဇာတ်ကားတွေကို ရုံပိုင်ရှင်တွေက ရွေးချယ်တင်ကြတဲ့အခါ စစချင်းပြတဲ့ ပထမရက်သတ္တပတ်က ဖန်တီးသူနဲ့ ထုတ်ဝေသူတို့အတွက် ကြီးမားတဲ့အချိန်အခါတစ်ခုပါပဲ။ ဂန္ဓဗ္ဗစတင်တဲ့ ပထမအပတ် တနင်္ဂနွေနေ့မှာပဲ အော်လန်တို့ သွားရောက်ကြည့်ရှုခဲ့ပေမဲ့ ထူးဆန်းစွာပဲ ရုံထဲမှာ လူအင်မတန်နည်းတာကို တွေ့ရခဲ့ပါတယ်။

ဂီတနောက်ခံအခိုင်အမာရှိတဲ့ ဂန္ဓဗ္ဗကိုဖန်တီးသူ ဦးအောင်ကိုလတ် တစ်ယောက်သူ့ရဲ့ ရုပ်ရှင်ကားကြီးဖြစ်တဲ့ ကယန်းအလှကို ၂၀၁၂ ခုနှစ်တုန်းက ရုံတင်ပြသခဲ့ပြီးပါပြီ။ အဲဒီတုန်းကလည်း ဒီလို အလားတူအဖြစ်မျိုး ကြုံခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပဒေါင် အမျိုးသမီးဇာတ်လိုက်သုံးဦးနဲ့ ရိုက်ထားတဲ့ အဲဒီရုပ်ရှင်က နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေကို လှည့်လည်ပြသနိုင်ခဲ့သလို ပြည်ပမှာ အောင်မြင်မှုရထားခဲ့ပါတယ်။

ကယန်းအလှ ဇာတ်ကားတုန်းက ခြောက်နှစ်လောက်အချိန်ယူရိုက်ကူးခဲ့တာမို့လို့ ရှစ်နှစ်လောက်ကြာပြီးမှ နောက်ထပ်တစ်ကားဖြစ်တဲ့ ဂန္ဓဗ္ဗကလည်း လက်လွတ်စပယ်လုပ်မယ့် ရုပ်ရှင်မဟုတ်ဘူးဆိုတာ တွေးကြည့်တာနဲ့သိမှာပါ။ အော်လန့်အဖို့တော့ ဂန္ဓဗ္ဗကို ဦးအောင်ကိုလတ်ရဲ့ ကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ သီချင်းOur Destination နဲ့စသိခဲ့တာလို့ ဆိုနိုင်ပါတယ်။

ဂန္ဓဗ္ဗထဲမှာOST (original sound track) ဖြစ်တဲ့ဒီသီချင်းက စောင်းနဲ့ ဂီတာ ကို အဓိကအသားပေးပြီး စာသားနည်းနည်းနဲ့ သီကုံးထားတဲ့ ငြိမ့်ညောင်းညင်သာတဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။ ဦးအောင်ကိုလတ်နဲ့ အန်နီမေးရှင်းနောက်ခံတောင့်တင်းတဲ့ ဂျပန်ဒါရိုက်တာKitaro Kanematsu က တို့ပူးပေါင်းရိုက်ကူးထားတဲ့ ဂန္ဓဗ္ဗရုပ်ရှင်အပေါ် အော်လန့်အမြင်ကလည်း သီချင်းနဲ့ အလားတူပါပဲ။ ဇာတ်ညွှန်း ကတော့ ကယန်းအလှတုန်းက ဇာတ်ညွှန်းရေးဆရာHector Carosso ပါပဲ။

ဂန္ဓဗ္ဗရဲ့ အဓိကဇာတ်ကောင်တွေအဖြစ် မျက်နှာသစ်မြန်မာမင်းသမီး ဒွန်နာလေးလာက ကလျာနဲ့ အိုကြာဖြူအဖြစ်၊ ဂျပန်မင်းသားShunya Shiraish က ဟီရိုရှီနဲ့ ငဖုန်းသင်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး နာမည်ကျော် ဂျပန်လူကြမ်းမင်းသားကြီးShun Sugata  ကလည်း ခေတ်နှစ်ခေတ်ရဲ့ ဗီလိန်ကြီးအဖြစ် မင်းသမီးကို တစ်ဖက်သတ်ချစ်ကြိုက်ရသူအဖြစ် ပါဝင်လာတာပါ။ ဒါ့ပြင် ရန်အောင်၊ ခင်ဇာခြည်ဇော်၊ စည်သူမောင်၊ မိုရီဆာကီဝင်း၊ လူမုန်းအပါအဝင် အခြားမြန်မာနဲ့ ဂျပန်သရုပ်ဆောင်တွေ အားဖြည့်ထားကြတာပါ။

ဇာတ်လမ်းအရ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပုဂံခေတ်လို့ထင်ရတဲ့ အချိန်နဲ့ လက်ရှိခေတ်ဆိုတဲ့ အချိန်ကာလနှစ်ခုနဲ့ လူဝင်စားပုံစံအဖြစ် ချိတ်ဆက် ထားတာပါ။

ဇာတ်လမ်းကို မန္တလေးက ကလျာနဲ့ တိုကျိုက ဟီရိုရှီတို့ရဲ့ ပုံစံတူအိပ်မက်တွေနဲ့အစပြုထားတာပါ။ အဖေတစ်ခု သမီးတစ်ခုဘဝနဲ့ စောင်းပညာကို ခိုးသင်နေတဲ့ ကလျာနဲ့ ဂျပန်ခေတ်ဟောင်း ကြိုးတပ်တူရိယာShamisen  ကို ခေတ်ပေါ်တီးဝိုင်းနဲ့ ပေါင်း စပ်ဖျော်ဖြေဖို့ကြိုးစားနေတဲ့ ဂျပန်ဂီတသမားလေးတို့ရဲ့ တူညီချက်တစ်ခုက ခေတ်ဟောင်းတူရိယာဂီတတစ်ခုကို ရူးသွပ်မှုနဲ့ ညစဉ်မက်နေတဲ့ ပုံစံတူအိပ်မက် တွေပါပဲ။

အဲဒီအိပ်မက်တွေရဲ့ စေ့ဆော်မှုကြောင့်ပဲ နောက်ဆုံး ဟီရိုရှီပုဂံရောက်လာပြီး ကလျာနဲ့ တွေ့ဆုံလို့ ဘဝဟောင်းရဲ့မပြီးပြတ်သေးတဲ့အချစ်ကို ရှေ့ဆက်ဖို့ကြိုးစားကြပါတော့တယ်။ သူတို့မသိတာက ပုံစံတူအိပ်မက်တွေမက်နေတာ သူတို့နှစ်ဦး အပြင် တခြားသူတစ်ဦး ရှိနေတယ်ဆိုတာပါပဲ။ သူတို့သုံးဦး ဘယ်လိုတွေ ဆုံတွေ့ကြမလဲ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ အော်လန့်ပရိသတ်တွေ ဒီနေ့ သွားကြည့်ပြီး အဖြေရှာကြည့်ပေါ့။

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းတင်ဆက်ထားတယ်ဆိုပေမဲ့ မတူဘဲ ထူးနေတဲ့ ဂန္ဓဗ္ဗရဲ့အချက်တွေက အားလုံးကို ဂီတနဲ့ပူးပေါင်းထားတာပါပဲ။ အော်လန်ပြောခဲ့သလို ခေတ်ဟောင်းတူရိယာ မြန်မာ့စောင်းနဲ့ ဂျပန်ကြိုးတပ်တူရိယာShamisen  ၊ ဂီတာ၊ ခေတ်ပေါ်တီးဝိုင်းတို့ရဲ့ ပေါင်းစပ်မှုတွေကိုလည်း ဂီတဖျော်ဖြေပွဲတစ်ခုကို ဇာတ်လမ်းသရုပ်ဖော်ပုံစံ ကြည့်နေရသလိုပါပဲ။

ဇာတ်လမ်းစစချင်း ကလျာတို့ရဲ့ သားအဖဘဝကို ပြတဲ့အခန်းတွေမှာ မြန်မာပေါကားဆန်ဆန် သရုပ်ဆောင်မှုတွေ၊ ပြဇာတ်ဆန်ဆန်စကားလုံးတွေကိုတွေ့ရပြီး အော်လန်တို့အတွက် စစချင်းဆောက်နဲ့ထွင်းသလို ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကလျာနဲ့ ဟီရိုရှီ၊ ဂျပန်လူကြမ်းကြီးတို့ရဲ့ သဘာဝဆန်တဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ တခြားဂျပန်–မြန်မာဇာတ်ကားတွေမှာ မတွေ့ရသေးတဲ့ ရိုက်ကွင်းရိုက်ကွက်တွေ၊ ဂီတနဲ့ရုပ်ရှင်ပညာကို အံ့သြစရာကောင်းအောင် ပေါင်းစပ်ထားမှုတွေ၊ နောက်ခံတေးဂီတတွေကြောင့် စောစောက သဘောမကျခဲ့ ရတာတွေ မေ့လျော့သွားစေပါတယ်။

ဂန္ဓဗ္ဗကို အော်လန်တြွေို့ကမိသွားစေတဲ့ အဓိကအချက်က ဂီတနဲ့တင်ဆက်ပုံဖော်ထားမှုပါပဲ။ အပြင်လောကမှာ မကြားဖူးသေးတဲ့ တေးဂီတသံစဉ်တွေနဲ့ ဖန်တီးထားတဲ့ ရိုက်ကွက်တိုင်းက အော်လန်တို့အတွက် အနှစ်တွေချည်းပါပဲ။

အော်လန်တို့ လက်ထဲမှာ ရီမုတ်ခလုတ်သာ ရှိခဲ့မယ်ဆိုရင် ဧရာဝတီ မြစ်နဘေးက ချောက်ကမ်းပါးတစ်ခုမှာ ကလျာစောင်းတီးနေတဲ့ ပြကွက်ကို ထပ်ကာထပ်ကာ ရစ်ကြည့်မိမှာအမှန်ပါပဲ။ လေတိုးသံ၊ စောင်းသံတွေနဲ့အတူ စောင်းအသံအိုးပေါ်က ကြိုးတွေပေါ်မှာ လှလှပပ ဖြတ်ပြေးနေတဲ့ ကလျာရဲ့လက်လှလှလေးတွေ၊ လေနဲ့အတူ လွင့်နေတဲ့ မဟူရာရောင်ဆံနွယ်တွေ၊ နေဝင်ရီ တရော အလှတွေက အော်လန်တို့အတွက် မေ့မျောမိစေတဲ့ အခိုက်အတံ့တွေပါပဲ။

အရှေ့က ပေါကားဒိုင်ယာလော့တွေတုန်းက နေကြာစိတွေ တဂျွမ်းဂျွမ်းဝါးခဲ့ပေမဲ့ ကလျာနဲ့ ဟီရိုရှီပုဂံကို ရောက်လာပြီးတဲ့ နောက်ပိုင်းပြကွက်တွေမှာတော့ မတိုင်ပင်ထားဘဲ တစ်ရုံလုံး ဂန္ဓဗ္ဗရဲ့ဂီတသံစဉ်တွေ ရိုက်ကွင်းရိုက်ကွက်တွေမှာ မျောသွားမိကြပါတော့တယ်။

စုစုပေါင်း ၁ နာရီ ၄၄ မိနစ်ကြာမြင့်တဲ့ ဂန္ဓဗ္ဗက အော်လန်တို့အဖို့ ပြီးမှာကို တွေးပူနေမိတဲ့ ခံစားမှုကို ပထမဦးဆုံး ခံစားမိတာပါ။ ဒါရိုက်တာက မြန်မာ့စောင်းကို ကမ္ဘာကသိအောင် တင်ဆက်ထားတယ်ဆိုပြီး ြွေကးကြော်ထားတာ သပ်သပ်ကြီး လေကြီးတာမဟုတ်ပါဘူး။ ဂန္ဓဗ္ဗမှာ အားနည်းချက် တချို့ရှိပါတယ်။ အဲဒါတွေ ကတော့ ကွန်ပျူတာဖန်တီးမှုနဲ့လုပ်ထားတဲ့ ပုဂံဘုရားအတွင်းက နံရံပါပဲ။ ကလျာနဲ့ ဟီရိုရှီတစ်ဖြစ်လဲ ငဖုန်းသင်နဲ့ အိုကြာဖြူတို့ရဲ့ အချစ်သင်္ကေတပစ္စည်းလေးကို မြှုပ်နှံထားတဲ့နံရံကို ဖန်တီးတဲ့အခါ နေရာက ပုဂံဘုရားတွေအတွင်းဖြစ်နေတော့ ကွန်ပျူတာဖန်တီးမှုနဲ့ နံရံနဲ့အခန်းကို တည်ဆောက်ထားတာပါ။ အဲဒီအချက်က အော်လန်မြင်မိတဲ့ ဂန္ဓဗ္ဗရဲ့အားနည်းချက်ပါ။

အြွေကရဆုံးရိုက်ကွက်ကတော့ နောက်ဆုံးပိတ်ဇာတ်သိမ်းပိုင်းပါပဲ။ မြားတစ်ချက်၊ သေနတ်တစ်ချက်နဲ့ ချစ်သူနှစ်ဦး၊ တစ်ဖက်သတ်ချစ်ရသူ တစ်ဦးရဲ့ အတ္တကို တွေ့ရမယ့် ဇာတ်သိမ်းပိုင်းက ပရိသတ်တချို့အတွက် မြန်ဆန်တဲ့ ဇာတ်သိမ်းပိုင်းဖြစ်နိုင်ပါတယ်။ အော်လန့်အတွက်တော့ စက္ကန့်ပိုင်းပဲ ရှိတဲ့ ဇာတ်သိမ်းပိုင်းပြကွက်ကို မျက်လုံးထဲမြင်မိရင်း Our Destinationဆိုတဲ့ ဇာတ်ဝင်တေးလေးနားထောင်ရင်း နောက်နေ့တွေမှာ ဆက်တွေးနေချင်တော့တာပါပဲ။