အင်တာမီလန်သည် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အက်ရှ်လေယန်းနှင့် မော့ဆက်တို့ကို ခေါ်ယူပြီးနောက် တတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် စပါးမှ ဒိန်းမတ်ကွင်းလယ်လူ အီရစ်ဆန်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၆ ဒသမ ၉ သန်းဖြင့် ခေါ် ယူနိုင်ခဲ့ပြီဖြစ်သည်။
အသက် (၂၇) နှစ်အရွယ် အီရစ်ဆန်သည် ရာသီကုန်တွင် စပါးနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ခန့်မှန်းသတင်းများအတိုင်း အသင်းပြောင်းကာ အင် တာမီလန်နှင့် ၂ဝ၂၄ ခုနှစ်အထိ စာချုပ်ချုပ် ဆိုနိုင်ခဲ့သည်။ အီရစ်ဆန်သည် ၂ဝ၁၃ ခုနှစ်က အေဂျက်မှ စပါးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၆၉ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု (၈၉) ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
စပါးအသင်းသည် အီရစ်ဆန်ကို လက်လွှတ်ခဲ့ပြီးနောက် ပီအက်စ်ဗွီမှ နယ်သာလန် တောင်ပံကစားသမား ဘာ့ချ်ဝင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရယူခဲ့ကြောင်း သိရသည်။ အသက်(၂၂)နှစ်အရွယ် ဘာ့ချ်ဝင်းကို ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူ၊ လီဗာပူးနှင့် ဘိုင်ယန်မြူးနစ်တို့က ခေါ် ယူရန် စိတ်ဝင်စားခဲ့ဖူးသည်။















