မန္တလေးတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကျန်းမာရေးဌာန များနှင့် ပူးပေါင်းအကူအညီပေးနိုင်ရန် စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှု ကော်မတီ (Surveillance and Respond Team- SRT) ကို မန္တလေးတိုင်း အစိုးရအဖွဲ့မှ ဇန်နဝါရီ ၂၈ ရက်က ဖွဲ့စည်းခဲ့ပြီး လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်း စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါကော်မတီကို ဇန်နဝါရီ ၂၇ ရက်က အစည်းအဝေးခေါ်ယူညှိနှိုင်းကာ မန္တလေး မြို့တော်ဝန် (စည်ပင်သာယာရေးဝန်ကြီး) ဒေါက်တာရဲလွင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ဌာနပေါင်းစုံမှ အဖွဲ့ဝင် ၂၄ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး အချိန်နှင့် တစ်ပြေးညီပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
"ပြည်ပနိုင်ငံတွေက ဝင်ရောက်လာတဲ့ ခရီးသွားတွေကို မန္တလေးလေဆိပ်မှာ ကျန်းမာရေးစစ်ဆေးနေတဲ့အပြင် လေကြောင်းလိုင်းသာမက ကုန်းကြောင်း၊ ရေကြောင်း ဝင်ထွက် ပေါက်တွေမှာလည်း စောင့်ကြည့်ဖို့လိုပါတယ်။ သံသယလူနာတွေ့ရင် စနစ်တကျကုသနိုင်ဖို့ လိုအပ်တဲ့အတွက် ကော်မတီဖွဲ့စည်းခဲ့တယ်"ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားခဲ့သည်။
မန္တလေးမြို့ရှိ ဆေးရုံအုပ်ကြီးများ၊ သမားတော်ကြီးများနှင့် ဆရာဝန်များက ကုသရေး ဆွေးနွေးမှုများပြုလုပ်ထားပြီး ပြည်သူ့ဆေးရုံ ကြီး၊ ခုတင် ၅၅၀ ကလေးဆေးရုံကြီး၊ ဗဟို အမျိုးသမီးဆေးရုံကြီးနှင့် ခုတင် ၃၀ဝ သင် ကြားရေးဆေးရုံတို့၌ကုသမှုပေးနိုင်ရန် သီးသန့် အခန်းများ ကြိုတင်ပြင်ဆင်ထားကြောင်း၊ ၎င်းအပြင် ပုဂ္ဂလိကဆေးရုံများ၊ မြို့နယ်ဆေး ရုံများနှင့် ကျေးလက်ဆေးခန်းများသို့ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဖြန့်ဝေထားသည်။
"လေဆိပ်မှာ Thermo Scanner နှစ်ခု အဖျားရောဂါရှိမရှိ စမ်းသပ်မှုတွေလုပ်တယ်။ သံသယလူနာတွေ့ခဲ့ရင် စမ်းသပ်စစ်ဆေးဖို့ လေဆိပ်မှာ သီးသန့်ခန်းဖွဲ့ထားပြီး ဆေးဝါး ပစ္စည်းတွေ အဆင်သင့်ထားရှိတယ်။ သံသယရှိ လူနာကို သီးသန့်လမ်းကြောင်းကသယ်ဆောင်ဖို့ စီစဉ်ထားတယ်"ဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောကြားခဲ့သည်။
မန္တလေး-လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းပိုင်းမှ ပြင်ဦးလွင်စစ်ဆေးရေးဂိတ်ဖြစ်သည့် မဟာအံ့ထူးကံသာဘုရားအနီးမှ X-ray စက်နေရာတွင် Thermo Gun ဖြင့် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို စစ်ဆေးနေကြောင်း၊ မန္တလေး ၆၂ လမ်းရှိ အသုံးမပြုသည်မှာကြာပြီ ဖြစ်သော ကျန်းမာရေးဝန်ကြီးဌာနအထူးသီးသန့် ကုသဆေးရုံ (ယခင်-ကန်တော်နဒီဆေးရုံ)ကို ပြင်ဆင်ထားကြောင်း သိရသည်။
















