ခရီးသည်တင်ယာဉ်နှင့် နွားလှည်းတိုက်မိ လူနှစ်ဦးနှင့် နွားတစ်ကောင် သေဆုံး

ခရီးသည်တင်ယာဉ်နှင့် နွားလှည်းတိုက်မိ လူနှစ်ဦးနှင့် နွားတစ်ကောင် သေဆုံး

ခင်ဦးမြို့တွင် ခရီးသည်တင်ယာဉ်နှင့် နွားလှည်းတိုက်မိရာ လူ နှစ်ဦးနှင့် နွားတစ်ကောင် သေဆုံးခဲ့မှုကို သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဇန်နဝါရီ ၃၀ရက် နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ၊ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ်(၂၀/၄)အနီးတွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ကန့်ဘလူမြို့နယ်ဘက်မှ မောင်းနှင်လာသည့် TOYOTA အမျိုးအစား ခရီးသည်တင်ယာဉ်သည် အရှိန်လွန်၍ လှည်းလမ်းပေါ်သို့ရောက်သွားကာ အရှေ့မှမောင်းနေသော နွားလှည်းကို ဝင်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိရာ နွားပေါ်တွင်လိုက်ပါလာသည့် ခင်ဦးမြို့ အလယ်ရှိုရွာနေ ဒေါ်ငွေတိုး(၄၂ နှစ်)၊ မလှိုင်ဇာအောင်(ခ)မဇာ (၂၆ နှစ်)၊ ကိုမိုးဒီ(၂၃နှစ်)နှင့် မလဲ့ (၃၀နှစ်)တို့မှာ ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ခင်ဦးပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ခဲ့ရပြီး ဒေါ်ငွေတိုး နှင့် မလှိုင်ဇာအောင်(ခ)မဇာ၂၆နှစ်မှာ ရရှိသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားစဉ် လှည်းကိုဆွဲနေသည့် နွားထီးတစ်ကောင်မှာလည်း အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ခင်ဦးမြို့မရဲစခန်းက ယာဉ်(ပ)၆/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်ထားကြောင်း သိရသည်။