ယနေ့ဖေဖော်ဝါရီ ၁ရက် နေ့လယ်ပိုင်းမှစတင်၍ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော လေယာဉ်များပေါ်တွင် ကိုယ်အပူချိန် မြင့်တက်နေသော ခရီးသည်များ ပါဝင်ခြင်း ရှိ/မရှိကို ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများက လေယာဉ်ပေါ်အထိ တက်ရောက် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ယနေ့ညနေပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
တာဝန်ရှိသူများက လေယာဉ်ပေါ်အထိ တက်ရောက်စစ်ဆေးပြီး ကိုယ်အပူချိန်မြင့်တက်သူများ လုံးဝမပါရှိသောလေယာဉ်မှ ခရီးသည်များကိုသာ လေဆိပ်အတွင်း ဝင်ရောက်ခွင့်ပြုလျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ လေယာဉ်ပေါ်တွင် စစ်ဆေးခံပြီးသား ခရီးသည်များအနေဖြင့်လည်း ယခင်နေ့များက ဆောင်ရွက်နေသည့် နည်းစနစ်အတိုင်း လေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာသို့ မဝင်မီ စက်လှေကားအဆင်းတွင် အသင့်တပ်ဆင်ထားသော ကိုယ်အပူချိန်တိုင်း ကိရိယာများကို ထပ်မံဖြတ်သန်းပြီး၊ Health Delcaration Cardများကို ပြည့်စုံစွာ ဖြည့်စွက်ပြီးမှသာ လူဝင်မှုကြီးကြပ်ရေးကောင်တာက လက်ခံလျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်က ဖော်ပြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ယာယီရပ်ဆိုင်းလိုက်ကြောင်းကိုလည်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ဖေဖော်ဝါရီ၁ရက်၌ပင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်အတွက် လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ ယနေ့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

















