ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းသည် ယူနီယံဘာလင်အား ငါးဂိုးပြတ် အနိုင်ရခဲ့သောပွဲတွင် အသင်းအတွက် နှစ်ဂိုး သွင်းကာ ခြေစွမ်းပြခဲ့ရာ ဘွန်ဒက်စ် လီဂါ ထူးကဲစံချိန် ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။
အသက် ၁၉ နှစ်အရွယ် နော်ဝေတိုက်စစ်မှူး ဟာလန်းသည် ဆဲလ်ဘတ်မှ ဒေါ့မွန်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် အကောင်းဆုံးခြေစွမ်းပြကာ ဂိုးများသွင်းယူနေသည်။ ဟာလန်း သည် ဇန်နဝါရီ ၁၈ ရက်က အော့ဘတ်စ်ပွဲတွင် ပွဲချိန် ၅၆ မိနစ်အရောက် လူစားဝင်ခဲ့ပြီးနောက် ဟက်ထရစ် သွင်း ယူနိုင်ခဲ့သည်။ ပွဲဦးထွက်လှခဲ့သော ဟာလန်းသည် ဇန်နဝါရီ ၂၄ ရက်က ကိုလုံးအား ငါးဂိုး တစ်ဂိုးဖြင့် အနိုင် ရသောပွဲ၌လည်း လူစားဝင်ကာ နှစ်ဂိုး သွင်းယူခဲ့သည်။
ဟာလန်းသည် ယူနီယံဘာလင် ပွဲ၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင် ခဲ့ပြီး ပွဲချိန် ၁၃၊ ၇၆ မိနစ်၌ ဂိုးများ သွင်းယူနိုင်ခဲ့သည်။ ဒေါ့မွန်အတွက် ကျန်ဂိုးများကို ဆန်ချို၊ မာကိုရူးစ်နှင့် ဝစ်ဆယ်တို့က သွင်းယူခဲ့၍ အိမ်ကွင်း ဂိုးပြတ် အနိုင်ရခဲ့သည်။ ဟာလန်းသည် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲတစ်လျှောက် ကနဦးသုံးပွဲ ကစားပြီးချိန် ခုနစ်ဂိုး သွင်းယူနိုင်သော ပထမဆုံး ကစားသမား စံချိန် ပိုင်ဆိုင်လာခဲ့သည်။ ဟာလန်း သည် ပွဲချိန် ၁၃၅ မိနစ်သာ ကစားပြီးချိန် ခုနစ်ဂိုးအထိ သွင်းယူခဲ့ခြင်း လည်းဖြစ်သည်။ ကွင်းအတွင်း၌ ကစားသမားအချင်းချင်း နားလည်မှုရှိသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ပွဲထွက်ကစားခွင့် ရခဲ့ခြင်းမှာ ၎င်းအတွက် ကောင်းမွန် ဟု ဟာလန်းက ပြောကြားခဲ့သည်။
ယူနီယံဘာလင်ပွဲ၌ ကိုယ်တိုင် တစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ပြုလုပ် ပေးခဲ့သော အင်္ဂလန် တောင်ပံကစား သမား ဆန်ချိုမှာလည်း ဘွန်ဒက်စ်လီ ဂါစံချိန်တစ်ခု ရရှိခဲ့သည်။ ဆန်ချိုသည် အသက် ၂၀ မပြည့်မီ ဘွန်ဒက်စ်လီ ဂါပြိုင်ပွဲ၌ ၂၅ ဂိုး သွင်းယူနိုင်ခဲ့သော ပထမဆုံး ကစားသမားဖြစ်ခဲ့သည်။ ဆန်ချိုသည် ၂၅ ဂိုး သွင်းယူနိုင်ရန် ၆၄ ပွဲသာ ကစားခဲ့ရသည်။ ၎င်းသည် လာမည့် မတ် ၂၅ ရက်တွင် အသက် ၂၀ ပြည့်မည်ဖြစ်သည်။ ဆန်ချိုသည် ၂၀၁၇ ခုနှစ်က မန်စီးတီးမှ ဒေါ့မွန်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနေ၍ ၎င်းအား ဥရောပအသင်းကြီး များက စိတ်ဝင်စားနေသည်။















