တိတ်ဆိတ်သွားသည့်မြို့၌ တစ်ဦးတည်းနေထိုင်ခြင်း

တိတ်ဆိတ်သွားသည့်မြို့၌ တစ်ဦးတည်းနေထိုင်ခြင်း

ဝူဟန် နေ့စဉ်မှတ်တမ်း

ကိုချင်ဆိုတဲ့ အမျိုးသမီးလေးဟာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့မှာ နေထိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် ဝူဟန်မြို့ရဲ့ လူဝင်လူထွက်ကို ဇန်နဝါရီ ၂၃ ရက်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးစနစ်ကိုလည်း ရပ်ထားပါတယ်။ ဆိုင်တွေလည်း ပိတ်ထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်းလည်ပတ်တာတွေ ရပ်ထားပါတယ်။ အိမ်ထဲမှာပဲနေဖို့ လူတွေကို အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ချင်ဟာ အသက်(၂၉)နှစ်အရွယ် လူမှုကူညီကယ်ဆယ်ရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ လူ့အခွင့် အရေးလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်း အခန်းငှားနေတဲ့သူလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်အတွင်း ချင်ဟာ နေ့စဉ်မှတ်တမ်းရေးခဲ့ပါတယ်။ အဲ့ဒီနေ့စဉ် မှတ်တမ်းကိုလည်း ဘီဘီစီကိုဝေမျှခဲ့ရာကနေ အခြားလူတွေဖတ်ခွင့်ရခဲ့ပါတယ်။

ဇန်နဝါရီ ၂၃ ရက် (ကြာသပတေးနေ့)

လူဝင်လူထွက် ပိတ်တဲ့နေ့

အိပ်ရာကနိုးပြီးသိပ်မကြာဘူး၊ မြို့လူဝင် လူထွက်ကိုပိတ်ဆို့လိုက်ပြီလို့ သိလိုက်ရတယ်။ ဘာဆက်လုပ်ရမယ်မသိဘူး ဖြစ်သွားတယ်။ လူဝင်လူထွက်ပိတ်တယ်ဆိုတာ မကြုံဖူးတော့ ဘာမှန်းမသိဘူးဖြစ်နေတယ်။ အဲ့လိုလုပ်တာ ဘယ်လောက်ကြာမလဲ။ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားရမလဲလည်း မသိဘူးလေ။

လူမှုမီဒီယာတွေမှာလည်း မကျေမနပ်နဲ့ ဝေဖန်တာတွေ ဖတ်လိုက်ရတယ်။ ရောဂါ လက္ခဏာပြနေတဲ့လူတွေကို နေရာမပေးနိုင်တဲ့ အတွက် ဆေးရုံမတင်နိုင်တာတွေ၊ ရောဂါရှိနေတဲ့ လူတွေကို ကောင်းကောင်းမဆက်ဆံတာတွေ စသည်ဖြင့် ဝေဖန်တာတွေ ဖတ်လိုက်ရတယ်။

မျက်နှာဖုံးစွပ်တပ်ထားတဲ့ လူတွေကိုလည်း တွေ့လာရတယ်။ ဆန်တွေဆီတွေစုထားဖို့ မိတ်ဆွေတွေက တိုက်တွန်းကြတယ်။ ဆန်နဲ့ ခေါက်ဆွဲခြောက်တွေအဝယ်လိုက်ပြီး ကုန်သွား ကြပြီ။

အမျိုးသားတစ်ဦးက ဆားတွေအများကြီး ဝယ်နေတာမို့ အဲ့ဒါကိုမြင်တဲ့သူတစ်ဦးက ဘာလို့အဲ့လောက်ဝယ်နေတာလဲမေးတဲ့အခါ သူက ဒီလိုလူဝင်လူထွက်ပိတ်ထားတာ တစ်နှစ်လောက် ကြာရင် ဘယ်လိုလုပ်မလဲလို့ပြန်ဖြေတယ်လေ။

ဆေးဆိုင်ကိုသွားတဲ့အခါ ဈေးဝယ်သူတွေ အများကြီး တန်းစီနေတာကို တွေ့ရတယ်။ မျက်နှာဖုံးစွပ်တွေ၊ ပိုးသတ်ဆေးတွေလည်း ကုန်သွားပြီလေ။

အစားအစာတွေစုပြီးတာတောင် စိုးရိမ် နေတုန်းပဲ။ လမ်းပေါ်မှာသွားလာနေတဲ့ကား တွေနဲ့ လမ်းသွားလမ်းလာဦးရေလျော့ကျလာ တယ်။ မြို့ဟာနေ့ချင်းညချင်းကြီးကို ခြောက် ကပ်သွားတာပဲ။ မြို့ဘယ်တော့များမှအသက် ပြန်ဝင်လာပါ့မလဲ။

ဇန်နဝါရီ ၂၄ ရက် (သောကြာနေ့)

တိတ်ဆိတ်တဲ့ နှစ်သစ်ကူးအကြိုနေ့

တစ်ကမ္ဘာလုံး တိတ်ဆိတ်နေတယ်။ တိတ် ဆိတ်တာဟာ ကြောက်စရာကောင်းတယ်။ လူသွားစင်္ကြံမှာ လူသံကြားမှပဲ အခြားလူတွေ ရှိမှန်းသတိထားမိတဲ့အထိပဲ။

ကိုယ်ဘယ်လိုရှင်သန်အောင်နေရမလဲကို တွေးဖို့အချိန်ရလာတယ်။ ရှင်သန်ဖို့ အရင်း အမြစ်လည်း များများစားစားမရှိဘူး။ အဆက် အသွယ်လည်းမကောင်းဘူးလေ။

မဖျားနာအောင်ပဲဂရုစိုက်ရမယ်။ ဒါကြောင့် ကျန်းမာရေးလေ့ကျင့်ခန်းများများလုပ်ရမယ်။ အသက်ရှင်ဖို့က အစားအစာကလည်း အဓိက ကျတာပဲလေ။

လူဝင်လူထွက်ပိတ်တာ ဘယ်လောက်ကြာ မယ်ဆိုတာ အစိုးရကလည်းမပြောဘူး။ ဘယ်လို အသက်ဆက်ရမယ်ဆိုတာလည်း မသိဘူး။ မေလလောက်အထိ ကြာနိုင်တယ်လို့ ပြောနေ တာပဲ။ ဒီနေ့ဆေးဆိုင်နဲ့ကုန်စုံဆိုင်ပိတ်ထားတယ်။  ဒါပေမဲ့ အစားအစာတွေကိုစားသောက် ဆိုင်တွေက လိုက်ပို့ပေးနေတာတွေ့ရတော့ လည်း အားတက်မိပြန်ရော။

ဈေးဝယ်စင်တာကြီးတွေမှာ ခေါက်ဆွဲခြောက် တွေရောင်းလို့ကုန်ပြီ။ ဒါပေမဲ့ ဆန်တော့ နည်းနည်းကျန်သေးတယ်။ ဒီနေ့ဈေးထပ်သွား တယ်။ ကြက်သွန်ဖြူနဲ့ကြက်ဥဝယ်ခဲ့တယ်။

အိမ်ပြန်ရောက်တော့ အဝတ်အစားတွေ အားလုံးကိုလျှော်ဖွပ်ပြီး ရေပါချိုးပစ်လိုက်တယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ် လေ။ လက်ကိုတစ်ရက်ကို အကြိမ်(၂၀) ကနေ (၃၀)အထိ ဆေးနေမိတယ် ထင်တယ်။

အပြင်ထွက်မိတော့ ကမ္ဘာကြီးနဲ့အဆက် အသွယ်မပြတ်သေးပါလားလို့ ခံစားမိစေတယ်။ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေဒီလို အခြေအနေကြီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ တွေးဖို့တောင်ခပ်ခက်ခက်ရယ်။
အရင်ကထက် ဟင်းကိုလျှော့မချက်ချင် ဘူး။ ဘာလို့လဲဆိုတော့ဝက်နှစ်ရဲ့ နောက်ဆုံးည ဖြစ်နေတာမို့ ဒါဟာအောင်ပွဲခံပြီးစားရမယ့်အချိန်လေ။

ညစာစားရင်းသူငယ်ချင်းတွေနဲ့ ဗီဒီယို ကောလ်ခေါ်ပြီး စကားပြောဖြစ်တယ်။ ဗိုင်းရပ်စ် အကြောင်းပဲပြောဖြစ်တာပါ။ တချို့ကလည်းဝူဟန်နားကမြို့နားမှာနေတယ်။ တချို့ကလည်း ရောဂါကူးစက်နေတော့ အိမ်မပြန်ချင်ကြဘူး။ တချို့ကလည်းရောဂါဖြစ်နေလည်း သူငယ် ချင်းတွေဆုံကြရင် ကောင်းမယ်လို့ ပြောနေ တယ်။

ပြောနေဆိုနေရင်း သူငယ်ချင်းတစ်ယောက် ချောင်းဆိုးတယ်လေ၊ ဖုန်းချလိုက်ရင်ကောင်း မယ်လို့တောင် တစ်ယောက်ကစသလို နောက် သလိုနဲ့ ပြောလိုက်သေးတယ်။

သုံးနာရီလောက် စကားပြောခဲ့ကြတယ်။ ဒီလိုပြောခဲ့ရလို့ကောင်းကောင်း အိပ်ပျော်မယ် လို့ထင်ခဲ့ပေမယ့် မျက်လုံးမှိတ်လိုက်တာနဲ့ အရင်နေ့ကအဖြစ်အပျက်တွေ ဇာတ်ကြောင်း ပြန်သလိုပြန်ပေါ်လာတယ်။

မျက်ရည်တွေကျလာတယ်။ အကူအညီမဲ့ သလိုခံစားရတယ်။ ဒေါသလည်းဖြစ်၊ ဝမ်းလည်း နည်းမိတယ်။ သေခြင်းတရားကိုလည်း တွေး မိတယ်။

ကိုယ်လုပ်နေတဲ့အလုပ်က အဓိပ္ပာယ်ရှိတဲ့ အလုပ်မို့ နောင်တရစရာများများစားစားမရှိပါဘူး။ ဒါပေမဲ့ ဒီလိုပုံစံကြီးဘဝကို အဆုံး မသတ်ချင်ဘူး။

ဇန်နဝါရီ ၂၅ ရက် (စနေနေ့)
တရုတ်နှစ်သစ်ကူးကို တစ်ဦးတည်းဖြတ်ကျော်

ဒီနေ့က တရုတ်နှစ်သစ်ကူးနေ့လေ။ ပျော်ပွဲ ရွှင်ပွဲတွေကို သိပ်ကြီးစိတ်ဝင်စားလေ့မရှိပေမယ့် အခုနှစ် နှစ်သစ်ကူးကတော့ ပိုလို့တောင် ဆိုး သေးတယ်။

မနက်ပိုင်းနှာချေတော့ သွေးနည်းနည်း ပါတယ်လေ။ သိပ်ကြောက်သွားတယ်။ ဖျားမှာ နာမှာနဲ့ပတ်သက်ပြီး တွေးမိလာတယ်။ အပြင် ထွက်သင့်မသင့်ကိုလည်း ဝေခွဲမရဖြစ်လာတယ်။ ဒါပေမဲ့ အဖျားလည်းမရှိဘူး။ ပါးစပ်လည်း မပျက်ဘူးလေ။ ဒါကြောင့်အပြင်ထွက်လိုက် တယ်။

လူတွေကအဓိပ္ပာယ်မရှိဘူး၊ မလိုအပ်ဘူး ပြောကြပေမယ့် မျက်နှာဖုံးနှစ်ထပ်စွပ်လိုက် တယ်။ မျက်နှာဖုံးသာအရည်အသွေးမကောင်းရင်လို့ တွေးမိပြီးနှစ်ထပ်စွပ်လိုက်တာ။ ဒါမှ လုံခြုံတယ်လို့ခံစားရတယ်။

မြို့ထဲမှာ အတော်လေးကို ခြောက်ကပ် နေတာ။ ပန်းဆိုင်ကဖွင့်ထားတယ်။ ပန်းဆိုင် ပိုင်ရှင်က ဂန္ဓမာပန်းတွေကို တံခါးနားမှာထား ထားတာတွေ့ရတယ်။ အဲ့ဒီပန်းတွေကို ဈာပန တွေမှာသုံးတတ်တယ်လေ။ ဆိုင်ရှင်ကဘယ်လိုရည်ရွယ်ချက်နဲ့ထားတယ်တော့မသိဘူး။

ဈေးဝယ်စင်တာက ဟင်းသီးဟင်းရွက် စင်မှာ ပြောင်သလင်းခါနေတယ်။ ပေါက်စီတွေ ရော၊ ခေါက်ဆွဲတွေရောရောင်းကုန်သွားပြီ။ တန်းစီတဲ့လူလည်းနည်းနည်းပဲ ရှိတော့တယ်။

ဆိုင်ရောက်တိုင်း အများကြီးဝယ်ချင်တဲ့စိတ်ဖြစ်မိတယ်။ အိမ်မှာ ဆန်ခုနစ်ကီလိုဂရမ် ရှိနေတာတောင် နောက်ထပ်ဆန်၂ ဒသမ ၅ ကီလိုဂရမ် ဝယ်ခဲ့တယ်။ ကန်စွန်းဥ၊ ပေါက်စီ၊ ဝက်အူချောင်း၊ ပဲကတ္တီပါ၊ ပဲစိမ်း၊ ပြောင်းဖူးနဲ့ ဘဲဥနည်းနည်း ထပ်ဝယ်လိုက်တယ်။

မြစ်ကမ်းဘေးနားမှာ လမ်းလျှောက်ခဲ့တယ်။ မုန့်ဆိုင်လေးနှစ်ဆိုင်ဖွင့်ထားတယ်။ ခွေးကျောင်း တဲ့လူ နည်းနည်းပဲရှိတယ်။ တချို့လည်းအညောင်း ပြေအညာပြေ လမ်းလျှောက်နေကြတာ။ အိမ်ထဲ ပိတ်မိနေတာ မကြိုက်ကြဘူး ထင်တယ်။

အရင်ကဒီလမ်းကို မလျှောက်ခဲ့ဖူးဘူး။ လျှောက်လိုက်တော့လည်း ကိုယ့်ကမ္ဘာလေး နည်းနည်ကျယ်ပြန့်သွားသလိုပဲ။

ဇန်နဝါရီ ၂၆ ရက် (တနင်္ဂနွေနေ့)

ကိုယ့်ပြောချင်တာကို ထုတ်ပြော

မြို့တစ်မြို့လုံးသာ ပိတ်မိနေတာမဟုတ်ဘူး။ အဲ့ဒီမြို့မှာနေသူတွေလည်း အသံပျောက်သွား တာဖြစ်တယ်။

လူဝင်လူထွက်စပိတ်တဲ့နေ့မှာ အစိုးရက ဆင်ဆာဖြတ်တောက်တာမို့ လူမှုမီဒီယာမှာဘာမှမရေးနိုင်ခဲ့ဘူး။ ဝီချတ်မှာတောင် မရေး နိုင်ခဲ့ဘူး။ တရုတ်မှာ အင်တာနက်ဆင်ဆာ ဖြတ်တောက်တာရှိနေတာ ကြာလှပြီ။ အခုလို အချိန်မျိုးမှာတော့ အဲ့လိုဖြတ်တောက်တာ ရက်စက်လွန်းရာကျပါတယ်။

ကိုယ့်ဘဝ တပြောင်းတပြန် ဖြစ်သွားတဲ့ အခါ ကိုယ့်ဘဝကို ပြန်တည်ဆောက်တာဟာ စိန်ခေါ်မှုတစ်ခုပဲ။ မနက်ပိုင်းတွေမှာ အပလီ ကေးရှင်းတစ်ခုသုံးပြီး လေ့ကျင့်ခန်းလုပ် တယ်။ ဒါပေမဲ့ အတွေးတွေများနေတာကြောင့် လေ့ကျင့်ခန်းအပေါ် အာရုံစိုက်ထားလို့ မရခဲ့ ဘူး။

ဒီနေ့အပြင်ထပ်ထွက်တယ်။ လမ်းမှာတွေ့ တဲ့လူတွေကို ရေထားမိတယ်။ အိမ်က မီတာ ၅၀ဝ အကွာက ခေါက်ဆွဲဆိုင်ကို လမ်းလျှောက် သွားရင်း လူရှစ်ယောက်နဲ့ဆုံခဲ့တယ်။

အိမ်မပြန်ချင်သေးဘူး။ ပိုပြီး စူးစမ်းချင် သေးတယ်။ ဝူဟန်ကိုပြောင်းလာတာ နှစ်လပဲ ရှိသေးတယ်။ ဒီမှာသူငယ်ချင်းလည်း များများ စားစားမရှိဘူး။ မြို့အကြောင်းကောင်းကောင်း မသိသေးဘူး။

ဒီနေ့ လူ ၁၀ဝ လောက်တွေ့မိတယ်ထင် တာပဲ။ ကျွန်မနားစွင့်ထားမှ ဖြစ်မယ်။ အနှောင် အဖွဲ့တွေကိုဖယ်ရှားမှ ဖြစ်မယ်။ လူတိုင်းမျှော် လင့်ချက်မပျက်ဖို့ မျှော်လင့်မိပါရဲ့။ အနာဂတ် မှာ တွေ့ကြဆုံကြ၊ စကားပြောကြဖို့ မျှော်လင့် မိတယ်သူငယ်ချင်းတွေရေ။

ညရှစ်နာရီလောက်မှာ အိမ်တွေရဲ့ပြတင်း ပေါက်တွေကနေ ဝူဟန်ထွက်သွားလို့ အော်သံ ကြားရတယ်။ အဲ့လိုစုပြီးအော်တာဟာလည်း စိတ်ခွန်အားရစရာပါပဲ။

ဇန်နဝါရီ ၂၈ ရက် (အင်္ဂါနေ့)

နေရောင်ခြည်လေး ပြူလာပြီ

အကြောက်တရားက လူတွေကြားမှာ စည်းခြားလိုက်တယ်။

မြို့အတော်များများမှာ လူတွေဟာ အပြင် ထွက်ရင်မျက်နှာဖုံးစွပ်ကြရတယ်။ အပေါ်ယံ ရှပ်ကြည့်ရင် အဆုတ်ရောင်ရောဂါပျံ့နှံ့တာကိုတားဆီးဖို့ပဲ။ ဒါပေမဲ့ တကယ်တမ်းတော့ အာဏာအလွဲသုံးစားလုပ်လို့ ရသွားတယ်လေ။

မျက်နှာဖုံးစွပ်မတပ်ထားသူတချို့ အများ ပြည်သူသုံးရထား၊ ကားစီးခွင့်မရဘူး။ သူတို့တွေ ဘာကြောင့် မျက်နှာဖုံးမစွပ်တာလဲ မသိပါဘူး။ မဝယ်နိုင်တာလည်းဖြစ်နိုင်သလို သတိပေးချက် ကိုမသိတာလည်း ဖြစ်နိုင်တယ်လေ။ ဘာပဲဖြစ် ဖြစ်သူတို့ရဲ့ အပြင်ထွက်ခွင့်ကိုတော့ မပိတ်ပင် သင့်ဘူး။

အွန်လိုင်းမှာပျံ့နေတဲ့ ဗီဒီယိုဖိုင်တချို့မှာ လည်း ကိုယ့်ဘာသာကိုယ် အလုံပိတ်နေတဲ့ သူတွေရဲ့ တံခါးတွေကို လူတချို့က အပြင် ကနေ ထပ်ပိတ်နေတာကို တွေ့လိုက်ရတယ်။ ဝူဟန်ရှိတဲ့ ဟူပေးခရိုင်ကလူတချို့လည်း အိမ်တွေကနေ အနှင်ခံရပြီး သွားစရာနေရာ မရှိဖြစ်နေကြတယ်။

ဒါပေမဲ့ ဟူပေးက လူတွေကို နေရာပေးတဲ့ လူတွေလည်း ရှိနေပြန်တယ်။

လူတွေအိမ်မှာပဲနေအောင် အစိုးရက လုပ်နိုင်တဲ့နည်းတွေ အများကြီးပါပဲ။ လူတိုင်း မျက်နှာဖုံးစွပ်ထားအောင် တိုက်တွန်းလို့လည်း ရတယ်။ ဒါမှမဟုတ် အိမ်မှာနေတဲ့လူတွေကို ငွေပေးမယ်ဆိုပြီး မက်လုံးပေးလည်း ရတာ ပဲလေ။

ကျွန်မစိတ်အားတက်လာသလို နောက်ဆုံး တော့လည်း နေရောင်ခြည်လေးပြူလာတယ်။ အခုနေတဲ့တိုက်ခန်းမှာ လူတွေအပြင်ထွက် လာတာ တွေ့ရတယ်။ ပရဟိတသမားတွေ လည်း တွေ့ရတယ်။ ကိုယ့်ရပ်ကွက်က မဟုတ် တဲ့လူတွေကို အပူချိန်စစ်ဆေးပေးဖို့ ထင်တယ်။

လူဝင်လူထွက် ပိတ်ပင်ထားတဲ့အချိန်မှာ ယုံကြည်မှုတည်ဆောက်တာတွေလုပ်ဖို့ မလွယ် ပါဘူး။ တစ်မြို့လုံး လေးလံမှုနဲ့ အားနည်းလာ တယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ကလွဲရင် အခြားနည်း မရှိတော့ဘူး။

ကိုယ်အသက်ရှင်ရေးဆိုတဲ့ စိုးရိမ်မှုလည်း တဖြည်းဖြည်းနဲ့ပျောက်လာပြီ။ မြို့ထဲကလူတွေနဲ့ အဆက်အသွယ်မလုပ်ဘူးဆိုရင် မြို့ထဲမှာလမ်း လျှောက်နေတာ အဓိပ္ပာယ်မရှိဘူးလေ။

လူတွေ ပူးပေါင်းဆောင်ရွက်မှုဆိုတာ အရေးကြီးတဲ့ လိုအပ်ချက်ပဲ။ လူတိုင်းဟာ ကိုယ့်လူ့အဖွဲ့အစည်းမှာ တစ်ခန်းတစ်ကဏ္ဍက ပါဝင်ပြီး ကိုယ့်ဘဝ အဓိပ္ပာယ်ရှိလာအောင် လုပ်ဖို့လိုတယ်။

ဒီအထီးကျန်မြို့မှာ ငါ့ရဲ့အခန်းကဏ္ဍကို ရှာရမယ်။

(ကိုချင်သည်သူ၏နေ့စဉ်မှတ်တမ်းတစ် စိတ်တစ်ပိုင်းကို ဝီချတ်တွင် ဖော်ပြခဲ့သည်။ Source:BBC, Illustrations by Davies Surya)

ရီလွင် ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021