မန္တလေးတောင်ပေါ်သို့ သုံးဘီးယာဉ်များ မောင်းနှင်တက်ရောက်ခြင်း တားမြစ်

မန္တလေးတောင်ပေါ်သို့ သုံးဘီးယာဉ်များ မောင်းနှင်တက်ရောက်ခြင်း တားမြစ်

မန္တလေးတောင်ပေါ်သို့ တောင်တက်လမ်းမှ သုံးဘီးယာဉ်များ မောင်းနှင်တက်ရောက်ခြင်းကို ခရီးသည်များ ဘေးအန္တရာယ်ကင်းစေရန်အတွက် ဇန်နဝါရီ ၂၉ ရက်မှစ၍ တားမြစ်လိုက်ခြင်းဖြစ်ပြီး ပညာပေးကာလအဖြစ် စတစ်ကာများနှင့် လက်ကမ်းများဝေငှနေကြောင်း တိုင်းဒေသကြီးယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (မြို့တွင်း) မှသိရသည်။

တောင်တက်လမ်းတွင် ခရီးသည်များတင်ဆောင်လာသော သုံးဘီးယာဉ်များ နောက်ပြန်ကျသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်းကြောင့် တောင်တော်ဂေါပကမှ သုံးဘီးယာဉ်များ တောင်ပေါ် တက်ခြင်းနှင့်ပတ်သက်သည့် အခြေအနေကို ဒီဇင်ဘာလက တိုင်းအစိုးရထံ တင်ပြခဲ့သည်။

''သုံးဘီးယာဉ်တစ်စီးက တောင်ပေါ် တက်တော့ နောက်ပြန်ကျတာတွေရှိတယ်။ သုံးဘီးတွေနဲ့ တောင်ပေါ် တက်ရင် အတက်ကလည်း မတ်စောက်တော့ အန္တရာယ်များလို့ တားမြစ်တာပါ။ သုံးဘီးယာဉ်က တောင်ပေါ်တက်ဖို့ အင်ဂျင်ပါဝါလည်းမနိုင်ဘူး။ ခရီးသွားတွေက ငှားတော့ တက်ရင်းနဲ့ နည်းနည်းကနေ နောက်တော့များလာတယ်။ အဓိကကတော့ ဘေးကင်းဖို့ပါ''ဟု ယင်းအသင်းမှ ဒုဥက္ကဌ ဦးဌေးဝင်းက ပြောသည်။

သုံးဘီးယာဉ်များသိရှိရန် တောင်တက်လမ်း၊ တောင်ပေါ်နှင့်တောင်ဆင်းလမ်းတို့တွင် ဗီနိုင်းဆိုင်းဘုတ်လေးခု စိုက်ထူအသိပေးသွားမည်ဖြစ်ပြီး စတစ်ကာများဝေငှကာ အသိပေးနေပြီး ပညာပေးကာလကျော်လွန်ချိန် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အရေးယူဆောင်ရွက်နိုင်ရန် တောင်တော်ဂေါပကအဖွဲ့ နှင့် ညှိနှိုင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

''တစ်ရက်ကို အစီး ၅ဝ လောက်ရှိတယ်။ အတက်လမ်း မောင်းတံဂိတ်မှာ အဖွဲ့တွေချထားပြီး အသိပေးနေပါတယ်။ သုံးဘီးသမားတွေအတွက် လုပ်ငန်းထိခိုက်နိုင်ပေမယ့် ဘုရားဖူးတွေ အန္တရာယ်ကင်းစေချင်လို့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာပါ။ သုံးဘီးမှာ သတ်မှတ်ဦးရေထက် ပိုတင်ကြတယ်။ ဒါကြောင့် အစိုးရအဖွဲ့ကို တင်ပြခဲ့တယ်''ဟု  မန္တလေးတောင်တော် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

မန္တလေးတောင်ပေါ်သို့ သုံးဘီးယာဉ်များ တက်ရောက်ခြင်းမပြုရန် မြို့တော်စည်ပင်သာယာ၊ တိုင်းဒေသကြီး ယာဉ်လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ညှိနှိုင်းဌာန၊ ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (မြို့တွင်း) နှင့်အတူ မန္တလေးတောင်တော်ဂေါပကတို့ ပူးပေါင်းဆောင်ရွက်သွားရန် တိုင်းအစိုးရအဖွဲ့မှ လမ်းညွှန်ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး