တကယ်ပေါကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့  "မြန်မာပေါကား တွေ–ရပ်"

တကယ်ပေါကြောင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့  "မြန်မာပေါကား တွေ–ရပ်"

ပထမဦးဆုံး အော်လန့်အနေနဲ့ ဒီဇာတ်ကားရဲ့ သုံးသပ်ချက်ကို မရေးချင် ဘဲနဲ့ ရေးရတယ်ဆိုတာကို ပြောချင်ပါတယ်။ အော်လန့်သဘောအရ ဆိုရင် ဒီဇာတ်ကားကို ရီဗျူးရေးပြီး သတင်းစာပေါ်ကိုတင်ဖို့ ထိုက်တန် တယ်လို့ လုံးဝ မမြင်ပါဘူး။ ဒါပေမဲ့လည်း နောက်ထပ် ဒီလိုကားမျိုးတွေ ထပ်ပေါ် လာမှာစိုးလို့ အော်လန် ရုပ်ရှင်ရုံထဲမှာ တဝါးဝါးသန်းရင်း ရခဲ့တဲ့ နောင်တတွေကို ဆန်ရင်းနာနာဖွပ်တယ်လို့ သဘောထားပြီး ရေးချလိုက်ပါတယ်။

ဒီအပတ်မှာ "သောင်းထိုက်က ကြားစေသား"၊ "မြန်မာပေါကားများ ရပ်" "မြက်နု" ဆိုပြီး ဇာတ်ကားသုံးကား ထွက်တဲ့အနက်ကမှ "မြန်မာ ပေါကားများရပ်" ကို အော်လန် ရွေးချယ်ဖြစ်ခဲ့ပါတယ်။

အတင်းကလိထိုး ရယ်ခိုင်းပြီး ဇာတ်ညွှန်းဇာတ်အိမ် မည်မည်(မယ်မယ်)ရရ မရှိတဲ့ ဟာသကားတွေ၊ စီးပွားရေးဆန်ဆန် တစ်လ သုံးကားထွက်နေတဲ့ မြန်မာကားတွေကို ရပ်တန့်ဖို့"မြန်မာပေါကားတွေရပ်" ဆိုတဲ့ လူမှုကွန်ရက်လှုပ်ရှားမှုကြီး ပေါ်လာပြီးနောက်ပိုင်းမှာ ထွက်တဲ့ကားဖြစ်တာကြောင့် မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အစိုင်အခဲကို ချေဖျက်စရာအကြောင်းပြချက် များ ပေးမလားဆိုပြီး သွားကြည့်ခဲ့တာပါ။ မြန်မာ့ရုပ်ရှင်လောကရဲ့ အခြေအနေတွေကိုပါ မြင်ရမယ်လို့ ဆိုထားတာကြောင့်လည်း ပါပါတယ်။

"မြန်မာပေါကားများရပ်" ရုပ်ရှင်ကားက ရုပ်ရှင်မင်းသမီး လင်းဇာနည်ဇော်တို့ မိသားစုပိုင်လုပ်ငန်းဖြစ်တဲ့ Trailer  ကုမ္ပဏီကနေ ပထမဦးဆုံး ထွက်လာခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီကားကို ဒါရိုက်တာမိုက်တီးက လွန်ခဲ့တဲ့ သုံးနှစ်ကာလတုန်းက ရိုက်ကူး ပုံဖော်ထားပြီး ခုမှ ရုံတင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်သူကတော့ သူတို့ကုမ္ပဏီရဲ့ ပွဲဦးထွက်ဇာတ်ကားကို ပေါကားမဖြစ်အောင် သေချာ ရိုက်ထားတယ်လို့ အင်တာဗျူးတွေမှာ ဆိုထားပါတယ်။ ဒါပေမဲ့ အော်လန့်အမြင်ကတော့ ပေါကားပါပဲ။

ဒီကားမှာ ဇာတ်ဆောင်မင်းသမီး၊ မင်းသား၊ ဇာတ်ရံ အများကြီး ပါပါတယ်။ ဘယ်အထိ ပါသလဲဆိုရင် ရုပ်ရှင်ရိုက်နေတဲ့ တကယ့် ဒါရိုက်တာတွေအပြင် မြန်မာ့ရုပ်ရှင်လောကရဲ့ နာယကဥသျှောင်တွေ ဖြစ်တဲ့ ပန်းချီစိုးမိုးနဲ့ တခြားမင်းသားကြီးနှစ်ဦးတို့တောင် ဇာတ်ကားထဲမှာ ပါဝင်ပါသေးတယ်။ ဒီကားရဲ့ ထူးခြားချက်ကတော့ ခါတိုင်း ဇာတ်ရံ၊ ဇာတ်ပို့လုပ်တဲ့ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင်တို့က ဒီကားရဲ့ အဓိက ဇာတ်ဆောင် ဖြစ်နေခြင်းပါပဲ။ ဟာသကား ဖြစ်လို့လည်း နေပါလိမ့်မယ်။

ဟာသကားလို့သာ ပြောတာပါ။ အော်လန့်အနေနဲ့ တစ်ခန်းလောက်ကလွဲရင် ဖြစ်ဖြစ်ဖြစ်မြောက်မြောက် မရယ်လိုက်ရပါဘူး။ ရုပ်ရှင်ရုံထဲမှာ ဇာတ်ကားစတာနဲ့ ပထမဆုံးဒုက္ခရောက်တာက နားအလွန်ငြီးတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိပေမဲ့ လေးငါးမိုင်လောက် မှာ ရှိနေတဲ့ပုံစံမျိုး အော်ကျယ်အော်ကျယ်ပြောပြီး (အော်ကြီးဟစ်ကျယ် ပြောမှပဲ ဟာသကားက မြိုင်တယ်လို့ ထင်ကြပုံရပါတယ်) ငြင်းခုန်တာ တွေက အရင်ထွက်ခဲ့တဲ့ ဟာသမွဲပြာပုဆိုးတွေ အတိုင်းပါပဲ။

အော်လန်သွားကြည့်တဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်ရှင် လောကသားတွေရဲ့အကြောင်းကို သိခဲ့လားဆိုတော့ နာယကကြီးတွေ ရှင်းပြထားတာတချို့ကလွဲရင် ဘာဗဟုသုတမှ မရပါဘူး။ 

အော်လန့်အနေနဲ့ ရုပ်ရှင် ွှမငေူနမ ကို ကြည့်တုန်းကတော့ ဒီကားကမြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေဘက်ကနေပြီး ရုပ်ရှင်လောက၊ အသိုင်းအဝိုင်း ပြုပြင်နိုင်အောင် တွန်းအားပေးတဲ့ ဇာတ်ကားလို့ ထင်ခဲ့မိတာပါ။ "မြန်မာပေါကားတွေ ရပ်" ဆိုပြီး ဆိုင်းဘုတ်နဲ့တကွ ရန်ကုန် မြို့လယ်မှာ ဆန္ဒပြတာတွေက အော်လန့်ကို ဒီလိုမြင်စေခဲ့တာပါ။ ဒါပေမဲ့ တောင်စဉ်ရေမရ၊ အချိတ်အဆက်မရှိ၊ သေသေချာချာလေ့ကျင့်စီစဉ် ထားတာမဟုတ်ဘဲ ဇာတ်အိမ်ကျောရိုးမရှိ ခြေဦးတည့်ရာရိုက်တဲ့ ဇာတ်ကားလို့ပဲ ရုပ်ရှင်ကြည့်ပြီးတဲ့အချိန်မှာ နားလည်သဘောပေါက် သွားပါတယ်။

ဇာတ်ကားတိုင်းမှာ ဒီဇာတ်လမ်းကိုဖြစ်စေတဲ့ အကြောင်းတရား ရှိပါတယ်။ ပြီးတော့ ဒီအကြောင်းတရားကြောင့်ပဲ ဖြစ်သွားရတဲ့ အကျိုးတရားဆိုတာတွေ ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ အကျိုးတရားဖြစ်စေဖို့ လုံလောက်ခိုင်မာတဲ့ အကြောင်းတရားတစ်ခုမှ မတွေ့ပါဘူး။

လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မနှစ်ဦးက "ပေါ့ပေါ့ပါးပါးကားလေးပါ" လို့ဆိုထားတဲ့အတိုင်းပဲ လေးနက်တာ ဘာတစ်ခုမှ မပါပါ ဘူး၊ ဒီအကျိုးဆက်ကြောင့်ပဲ ခပ်တည်တည်နေပြီး လေးလေးနက်နက်ရှိတဲ့ ကျော်သူရဲ့ သရုပ်ဆောင်တဲ့ ဇာတ်ဝင်ခန်းတွေက ဒီဇာတ်ကားမှာ ပေါတောတောနိုင်သလို ဖြစ်သွားတယ်လို့တောင် ခံစားလိုက်ရပါ သေးတယ်။

အော်လန်ကြည့်တဲ့ရက်က တနင်္ဂနွေနေ့ ဖြစ်တာကတစ်ကြောင်း၊ ဟာသကားကြိုက်တတ်တဲ့လူတွေ ရှိတာက တစ်ကြောင်းရယ်ကြောင့် ကြည့်တဲ့သူပမာဏက ရှေ့ဆောင်ရုံတစ်ဝက်လောက်တော့ ရှိပါတယ်။ ဒါပေမဲ့လည်း ဇာတ်ကားရဲ့ တစ်ဝက်လောက်ကစပြီး လူတွေ ထပြန်ကုန်တာကို တွေ့ရပါတယ်။

အော်လန်ကိုယ်တိုင်လည်း ဒီဇာတ်ကားကိုစကြည့်ပြီး ငါးမိနစ် လောက်ကတည်းက ပြန်ချင်ဇောတွေ ဖြစ်လာပါတယ်။ နောင်တတွေ လည်း ရလာပါတယ်။ ဒါပေမဲ့ အနောက်ပိုင်းမှာများ တစ်ခုခုထူးလာ မလားဆိုတဲ့ ]မလား} ဆိုတဲ့ စိတ်ကလေးကြောင့် ပြီးတဲ့အထိကို အောင့်အည်းသည်းခံပြီး ကြည့်လိုက်မိပါတယ်။

ဒီဇာတ်ကားကြည့်နေတဲ့အချိန်မှာ"ပင်ပန်းလေးလံနေတဲ့ စိတ်တွေ ပေါ့ပါးသွားမယ်" လို့ဆိုထားပေမဲ့ အော်လန့်အနေနဲ့ ဇာတ်ကားကြည့် နေချိန်မှာ စိတ်တွေ လေးလံနေပြီး အဆုံးသတ်သွားမှ "ဟင်း"ဆိုပြီး သက်ပြင်းရှည်ချနိုင်ခဲ့တာပါ။ ဟာသကားဆိုပေမဲ့ ရုပ်ရှင်ရုံထဲမှာ ဟက်ဟက်ပက်ပက် ရယ်မောတာ တစ်ယောက်ပဲတွေ့ပါတယ်။ သူကလည်း ဆယ်ကျော်သက်ကလေးဖြစ်ပြီးတော့ ခင်လှိုင်၊ ကျော်ထူးတို့ ပုံတွေ ရုပ်ရှင်ပိတ်ကားထက်မှာ ပေါ်လာတာနဲ့ကို တဟားဟား အော်ရယ်တာပါ။ သည့်အတွက်လည်း ကျေးဇူးတင်ရပါသေးတယ်။ သူရယ်လိုက်မှသာ အော်လန်က ]ငါကြည့်နေတာ ဟာသကားပါလား} ဆိုပြီး သတိမမေ့သွားတာ ဖြစ်ပါတယ်။

ကျန်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေကလည်း သူရယ်မှ လိုက်ရယ် ကြတာဆိုတော့ အော်လန့်အတိုင်းပဲ ထင်ပါတယ်။

မြန်မာရုပ်ရှင်လောကရဲ့ ရှုပ်ထွေးမှုလို့ ပြောရမလားမသိတဲ့ ဒါရိုက်တာနဲ့ ဇာတ်ပို့တွေကြား မကြေလည်မှု၊ သရုပ်ဆောင် မင်းသား မင်းသမီးတွေ အနိုင်ကျင့်မှု စတာတွေနဲ့ ကြုံတွေ့နေရတဲ့ ဇာတ်ပို့တွေ အကြောင်းလို့ပဲ ယေဘုယျပြောရမှာပါ။ တကယ်တမ်း အပြင်မှာ မဖြစ်နိုင်တဲ့ အကြောင်းတရားတွေကိုလည်း (ဥပမာ ဇာတ်ပို့က မကျေနပ်လို့ ဓားပြတိုက်တာ) ဇာတ်ကားထဲမှာ ထည့်သွင်းရိုက်ကူးပြီး ရှင်းရှင်း လင်းလင်း ဆိုလိုရင်းကိုတောင် ပရိသတ်ကို မပြနိုင်ခဲ့ပါဘူး။

ဒီသုံးနှစ်အတွင်းမှာ မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေက ရုပ်ရှင် လောက ပြောင်းလဲစေလိုတဲ့အတွက် တတွတ်တွတ်ပြောပြီး တိုက်တွန်းတာတွေ တော်တော်များများ လုပ်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ တွန်းအားကြောင့် နောက်ထပ်ထွက်လာမယ့် ဇာတ်ကားတွေက အရည်အချင်း ပိုပြီးပြည့်လာမလား၊ ဒါမှမဟုတ် ဆက်ပြီးပဲ "ပေါလောက"အဖြစ် ရပ် တည်နေမလားဆိုတာကတော့ အချိန်က သက်သေပြသွားပါလိမ့်မယ်။

ဒီလောက်ထိ ပြောနေမှတော့ အော်လန်အမှတ်ဘယ်လောက်ပေး မလဲဆိုတာ စာဖတ်သူတွေ ကြိုသိလောက်ရောပေါ့။ ဟုတ်ကဲ့ အော်လန် ကတော့ ဒီကားကို သုည(ဝ) မှတ်ပဲ ပေးပါတယ်။ တစ်ဆက်တည်းမှာပဲ အော်လန်ဆန္ဒတစ်ခုကို သည်နေရာကနေ ပြောလိုက်ချင်ပါသေး တယ်။ 
ဒါကတော့"မြန်မာပေါကားတွေ ရပ်" ဆိုတာပါပဲ။