ဘုရားဖူးပြန်လာသည့် ယာဉ်တိမ်းမှောက်၊ ခုနှစ်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရ

ဘုရားဖူးပြန်လာသည့် ယာဉ်တိမ်းမှောက်၊ ခုနှစ်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ ဇလုံတောင်မှ ဘုရားဖူးပြန်လာသည့် ယာဉ်တိမ်းမှောက်ခဲ့ပြီး ခုနှစ်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပင်လည်ဘူးမြို့နယ် မိုင်းတုံတာကြီးကျေးရွာနှင့် တာလေးကျေးရွာကြား အမျိုးသမီး ၂၁ ဦး လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။

''သေဆုံးဒဏ်ရာရတဲ့အမျိုးသမီးတွေက မော်ဟိုင်းနဲ့ ပိန္ဒဲကုန်းကျေးရွာမှာနေတဲ့သူတွေ၊ သေတာ ခုနှစ် ယောက် ကျန်တဲ့သူ ၁၂ ဦးက ထိခိုက်ပွန်းပြဲပေါက်ပြဲဒဏ်ရာတွေ ရထားတာကြောင့် မန်စီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်" ဟု ကူညီဆောင်ရွက်ပေးခဲ့သူ မိုင်းတုံတာကြီးကျေးရွာနေ ဦးလွင်စိုးက ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ အသက် ၃၂ နှစ်အရွယ် ယာဉ်မောင်းကို ပင်လည်ဘူးမြို့မရဲစခန်းက ယာဉ်(ပ)၅/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူထားသည်။