စပိန်ဘုရင့်ဖလားပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်း ဖြစ်သော ဘာစီလိုနာသည် ဖေဖော်ဝါရီ ၆ ရက်က ယခုနှစ် ဘုရင့်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဖြစ် ဘီလ်ဘာအို ကွင်း၌သွားရောက် ကစားခဲ့ရာ နောက်ဆုံးမိနစ်တွင် ကွင်းလယ်လူ ဘတ်စကွက်စ် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့သောကြောင့် တစ်ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရ ကြောင်း သိရသည်။
ဘာစီလိုနာနည်းပြ ဆီတီယန်သည် ပွဲထွက်လူစာရင်းတွင် မက်ဆီ၊ ဒီဂျောင်၊ ဘတ်စကွက်စ်၊ ရာကီတစ်၊ ဖာတီ၊ ပီကေးနှင့် စတီဂန် အစရှိသောကစား သမားများကို အသုံးပြုခဲ့သည်။ ဘီလ်ဘာအိုအသင်း၌လည်း အဓိက ကစားသမားများ ပါဝင်လာခဲ့ပြီး ဘာစီလိုနာကို ရင်ဆိုင်ခဲ့သည်။
ဘာစီလိုနာသည် ပွဲချိန်တစ်လျှောက် ဖိအားပေးကစားခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုပိုရခဲ့သော် လည်း ဂိုးမဝင်ခဲ့ပေ။ ဘီလ်ဘာအိုသည် တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ခုနစ်ကြိမ်သာရခဲ့သည်။
အကြိတ်အနယ်ကစားရင်း ဘီလ်ဘာအိုမှာ နောက်ဆုံး မိနစ်၌ လက်ဆောင်ဂိုးရခဲ့သောကြောင့် ဘုရင့်ဖလား ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့သည်။ ဘီလ်ဘာအို ပွဲမတိုင်မီ မက်ဆီနှင့် အားကစားဒါရိုက်တာ အဘီဒယ် တို့သည် နည်းပြဟောင်း ဗယ်ဘာဒီကို အကြောင်းပြု၍ နှစ်ဦးအကြား တုံ့ပြန်ပြောဆိုမှုများရှိခဲ့သည်။ ဘုရင့်ဖလားမှ ထွက်ခဲ့ရခြင်းအတွက် မက်ဆီနှင့် အဘီဒယ်တို့၏ကိစ္စကို လက်ညှိုးထိုး၍မရဟု ဘတ်စကွက်စ်က ပြောကြားခဲ့သည်။
ဆက်စပ်သတင်းများအရ မက်ဆီသာ ဘာစီလိုနာမှ ထွက်ခွာရန်ဆုံးဖြတ်ပါက မန်စီးတီးမှာ အာဂျင်တီးနား တိုက်စစ်မှူးကိုခေါ်ယူမည်ဟု ချိန်ရွယ်ထားကြောင်း သိရ သည်။ အသက်(၃၂)နှစ်အရွယ် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်အရ လာမည့် ၂ဝ၂၁ ခုနှစ်အထိ သက်တမ်းရှိသော် လည်း ယခုနှစ်ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ခွင့်ရနေသည်။ မက်ဆီသည် ဘာစီလိုနာ၌ တစ်ရာသီ ပေါင်သန်း ၅ဝ ရရှိနေရာ ယင်းနှုန်းထားကို မန်စီးတီးက ပေးနိုင်စွမ်း ရှိနေသည်။ မက်ဆီသည် အဘီဒယ်နှင့် အချင်းများပြီးနောက် ၎င်း၏ဘာစီလိုနာအနာဂတ် ပြန်လည်လှုပ်ခတ်လာသည်။















