တရုတ်နိုင်ငံ ယူနန်ပြည်သို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ သုံးဦး ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့သို့ ပြန်လည်ရောက်ရှိလာ၍ ကျန်းမာ ရေးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ရေကြည်မြို့နယ် ဂွေးတောက် ကျေးရွာအုပ်စု တောင်စမ်းကျေးရွာမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံခမ်းရွာ တွင် သွားရောက်အလုပ်လုပ်ကိုင်သူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် ရေကြည်မြို့နယ်သို့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ က ပြန်လည်ရောက်ရှိလာခဲ့သဖြင့် ကုန်းပြင်တိုက်နယ်ဆေးရုံတွင် စောင့် ကြည့်သွားရန်စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရေကြည်မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ရေကြည်မြို့နယ် ဂွေးတောက် ကျေးရွာအုပ်စု တောင်စမ်းကျေးရွာနေ ဦးဝင်းချို (၄၂) နှစ်၊ မောင်ကျော်ရဲဇော် (၂၈) နှစ်နှင့် မနှင်းနုဝေ(၂၉) နှစ်တို့သည် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံခမ်းရွာတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
၎င်းတို့ သုံးဦးသည် ဖေဖော်ဝါရီ ၆ ရက်တွင် မူဆယ်မြို့မှတစ်ဆင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ မူဆယ်မှ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်သို့လည်းကောင်း၊ ထိုမှ တစ်ဆင့် ရေကြည်မြို့သို့ လည်းကောင်း ဖေဖော်ဝါရီ ၇ ရက် နံနက် ၈ နာရီတွင် ပြန်လည်ရောက်ရှိခဲ့သည်။
ရေကြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ ရေကြည်မြို့နယ် ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာဇော်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်ကံညွန့်၊ မြို့နယ်လဝကဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဌေးတို့က လူနာတင်ယာဉ်ဖြင့် ကုန်းပြင်တိုက်နယ်ဆေးရုံသို့ ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့ကို သီးသန့်ဆောင်၌ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် ၎င်းတို့သုံးဦးကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဇော်အောင်နှင့် ကုန်းပြင်တိုက်နယ်ဆေးရုံမှ ဒေါက်တာ ဝေယံအောင်တို့က လိုအပ်သော စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ဆက်လက်စောင့်ကြည့်သွားရန် စီစဉ်ထားကြောင်း သိရသည်။
















