ဘယ်လ်ဂျီယံ တောင်ပံကစားသမား ဒီဘရိုင်းက ၄င်းအနေဖြင့် မန်စီးတီး အသင်းမှ အနှေးနှင့် အမြန်ဆိုသလို ထွက်ခွာရန် ဆန္ဒမရှိကြောင်း မီဒီယာ တစ်ခုသို့ ဖွင့်ဟပြောကြားခဲ့သည်။
ဒီဘရိုင်းသည် ၂ဝ၁၅ ခုနှစ် နွေရာသီက မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြကစားနိုင်သည့် အပြင် အောင်မြင်မှုများလည်း ရရှိခဲ့သည်။ စပိန်အင်အားကြီး အသင်း နှစ်သင်းဖြစ်သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့သည် ဒီဘရိုင်းကို ခေါ် ယူရန် စိတ်ဝင်စားနေကြောင်း ခန့်မှန်း သတင်းများ ထွက်ပေါ်နေသည်။
ဒီဘရိုင်းသည် မန်စီးတီးနှင့် ချုပ်ဆိုထားသော စာချုပ်မှာ လာမည့် ၂ဝ၂၃ ခုနှစ်အထိ အကျုံးဝင်နေသည်။ ၄င်းအား ဥရောပအင်အားကြီး အသင်းများက စိတ်ဝင်စားနေသော်လည်း မန်စီးတီး၌သာ ပျော်ရွှင်ကာ အထိုင်ကျနေကြောင်း ဒီဘရိုင်းက ပြောကြား ခဲ့သည်။
မန်စီးတီးသည် ယခုနှစ် ချန် ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့် တွေ့ဆုံ နေသည်။ ချန်ပီယံလိဂ် ရယူလိုပါက အသင်းကောင်းကို အနိုင်ရရန် လိုအပ် ဟု ဒီဘရိုင်းက ဆိုခဲ့သည်။
မန်စီးတီး သည် ယခုနှစ်တွင် ပရီးမီးယားလိဂ် ဆုဖလား ကာကွယ်နိုင်ရေးမှာ မျှော်လင့်ချက် ကုန်ဆုံးနေပြီး အခြားပြိုင်ပွဲ များတွင် အောင်မြင်ရန်သာ ကြိုးစားရတော့မည်ဖြစ်သည်။















