ပေါ်တူဂီ တိုက်စစ်မှူး စီရိုနယ်ဒို သည် ဖေဖော်ဝါရီ ၈ ရက်က ဗီရိုနာ နှင့် ကစားခဲ့သည့် စီးရီးအေပွဲတွင် ဂိုး သွင်းနိုင်ခဲ့၍ ထူးကဲစံချိန် ပိုင်ဆိုင်ခဲ့ သော်လည်း ဂျူဗင်တပ်စ်အသင်းမှာ နှစ်ဂိုး တစ်ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ဂျူဗင် တပ်စ်နည်းပြ ဆာရီသည် ပွဲထွက် လူစာရင်းတွင် စီရိုနယ်ဒိုအပါအဝင် ဟီဂူအင်၊ ဒေါက်ဂလပ်ကော်စတာ၊ ရာဘီယော့၊ ဘန်တန်ကာနှင့် ကွာဒရာ ဒိုတို့ကို အသုံးပြုခဲ့သည်။ ဗီရိုနာ အသင်းမှာ အိမ်ကွင်းတွင် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ကစားနိုင် ခဲ့သည်။
ဂျူဗင်တပ်စ်သည် ပွဲချိန် ၆၅ မိနစ်တွင် ဦးဆောင်ဂိုး ရရှိခဲ့ပြီး စီရို နယ်ဒိုက ဘန်တန်ကာ၏ ဖန်တီးမှုမှ တစ်ဆင့် သွင်းယူပေးခဲ့သည်။
ဂျူဗင်တပ်စ်သည် ပွဲချိန် ၇၆ မိနစ် တွင် ဘိုရီနီ၏ ချေပဂိုး ခွင့်ပြုခဲ့ရပြီး ၈၆ မိနစ်၌ ပင်နယ်တီ ပေးခဲ့ရ၍ ရှုံးပွဲ ရင်ဆိုင်ခဲ့ရသည်။ ဂျူဗင်တပ်စ်သည် ယခုနှစ် စီးရီးအေပြိုင်ပွဲတွင် ရှုံးပွဲသုံးပွဲ ရှိလာခဲ့ပြီး နာပိုလီ၊ လာဇီယိုနှင့် ဗီရိုနာ ကွင်း၌ အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။
မကြာခင်က အသက် ၃၅ နှစ်ပြည့်ခဲ့သော တိုက်စစ်မှူး စီရိုနယ်ဒိုသည် ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း ထရာဇီဂေး၏ စီးရီးအေပွဲဆက် အများဆုံး ဂိုးသွင်း စံချိန်ကို တစ်ပွဲအသာဖြင့် စီးရီးအေ ၁ဝ ပွဲဆက် ပထမဆုံးဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့သည်။
စီရိုနယ်ဒိုသည် ယခု နှစ် ဘောလုံးရာသီတွင် ဂျူဗင်တပ်စ် အသင်းအတွက် စီးရီးအေ ပွဲ ၂ဝ ကစားခဲ့ရာ ဂိုး ၂ဝ သွင်းယူထားသည်။ ၄င်းသည် ယမန်နှစ် ဘောလုံးရာသီက စီးရီးအေ ၃၁ ပွဲ ကစားခဲ့ရာ ၂၁ ဂိုး သွင်းယူနိုင်ခဲ့သည်။ စီရိုနယ်ဒိုသည် ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၂၈ ပွဲကစားခဲ့ရာ ၂၃ ဂိုးသွင်းယူခဲ့သည်။
ဘိုင်ယန်မြူးနစ် အသင်းဥက္ကဋ္ဌဖြစ် သည့် ဟာဗတ်ဟိန်နာက စီရိုနယ်ဒိုကို ခေါ်ယူရန် စဉ်းစားခဲ့ဖူးသော်လည်း ပေါ်တူဂီသား၏ အသက်အရွယ် ကြီး မြင့်မှုကြောင့် ဖြစ်မလာခဲ့ကြောင်း ဆို ထားသည်။ သို့သော် စီရိုနယ်ဒိုသည် ၃၅ နှစ် အရွယ်ရောက်ပြီဖြစ်သော်လည်း ကြံ့ခိုင်မှုပြည့်ဝစွာဖြင့် ခြေစွမ်းပြ ကစားနေသည်။
ဂျူဗင်တပ်စ်သည် လာမည့် ကြာသပတေးနေ့တွင် အေစီမီလန်နှင့် ကိုပါ အီတာလီယာ ဆီမီးဖိုင်နယ် ပထမ အကျော့ ကစားရမည်ဖြစ်သည်။















