မြှုပ်ကွက်တွေနဲ့"မြမြ"

မြှုပ်ကွက်တွေနဲ့"မြမြ"

တောင်ဒဂုံက အထည်ချုပ်သမလေး"မြမြ"။ ပြီးခဲ့တစ်နှစ်၊ မြန်မာတို့ရဲ့ ပထမဆုံး နှစ်ကူးရက်မှာ မိန်းကလေးတစ်ယောက်ကို ဝိညာဉ်ဝင်ပူးပြီး တစ်နိုင်ငံလုံးရဲ့ စိတ်ဝင်စားမှုတွေကို သိမ်းကျုံးယူသွားခဲ့တဲ့ "မြမြ"။

"မြမြ"ဟာ သင်္ကြန်ကာလအလွန်မှာ ရဲတွေကို မီးမလင်းတဲ့ ဓာတ်မီးတိုင်တွေအောက် အလုပ်များစေခဲ့တယ်။ သက်ဆိုင်ရာ အထည်ချုပ်စက်ရုံက လူတွေကို ခေါင်းနားပန်းကြီး စေခဲ့တယ်။ ဖျာပုံကလူတွေကို သို့လော၊ သို့လော ဖြစ်စေခဲ့တယ်။ "မြမြ"နောက်ထပ် ဝင်ပူးရင် ဝင်ပူးခံရတဲ့သူကို အလုပ်ဖြုတ်မယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောရတဲ့ အထိ "မြမြ"ဟာ လွှမ်းမိုးနိုင်ခဲ့တယ်။

"မြမြဟာ ဘယ်သူလဲ" "မြမြ တကယ်ရှိတယ် မရှိဘူး" ဆိုတာတွေက အဲဒီကာလ လူတွေပါးစပ်ဖျားမှာ ရေပန်းအစားဆုံး မေးခွန်းတစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ]မြမြ}ဟာ အဖြေမရှိတဲ့ ပဟေဠိပုစ္ဆာတစ်ပုဒ်သာ ဖြစ်ခဲ့ပါတယ်။

အခုတော့ "မြမြ" လူတွေကြားထဲ ပြန်ရောက်လာပြန်ပါပြီ။ သည်တစ်ခါတော့]မြမြ]ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ "မြမြ" တစ်ယောက် ရုပ်ရှင်ပိတ်ကားကတစ်ဆင့် လူတွေဆီ ရောက်လာတာနဲ့ အော်လန်ကိုယ်တိုင်လည်း ရုပ်ရှင်ရုံဆီကို အပြေးချီတက်ဖြစ်ခဲ့ပါတယ်။

"မြမြ"ဟာ မှုခင်း၊ သရဲနဲ့ ဒရာမာ ကိုအချိုးကျကျရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားလို့ဆိုရမှာ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်မင်းသားက သရဲဝင်ပူးတယ် ဆိုပြီး နာမည်ကြီးနေတဲ့ "မြမြ ဘယ်သူလဲ" ဆိုတာကို နောက်ကနေလိုက်စုံစမ်းရင်း သူ့ရဲ့ အတိတ်ကအကြောင်းတွေကို မမျှော်လင့်ဘဲ သိလာရတဲ့အပေါ်မှာ ဇာတ်အိမ်တည်ထား တဲ့ သရဲကားတစ်ကားပါ။

ဒီကားကို ကြည့်နေစဉ်မှာ အော်လန် ပထမဆုံး သတိထားမိတာက ရုပ်ရှင်ထဲမှာ ပြတဲ့ အခင်းအကျင်းတွေ၊ ပြကွင်းပြကွက်တွေပါ။ ဒါရိုက်တာညိုမင်းလွင်က ကင်မရာရဲ့ မြင်ကွင်းထဲမှာရှိတဲ့ အရာမှန်သမျှကို တကယ့်အဖြစ်မှန်နဲ့ နီးစပ်အောင် သေသေချာချာ စီစဉ်ထားတာ တွေ့ရပါတယ်။

"မြမြ"ဇာတ်ကားက သရဲကားဆိုပေမဲ့ အော်လန်ကတော့ ထူးထူးခြားခြားထိတ်လန့် ကြောက်ရွံ့တာမျိုး မဖြစ်ခဲ့ပါဘူး။ ရုပ်ရှင်ရုံထဲမှာ အတူကြည့်နေတဲ့ လူတွေများနေလို့လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သရဲကားတွေမှာ သရဲခြောက်တော့မယ်ဆိုရင် နောက်ခံတီးလုံးရယ်၊ ဇာတ်ကောင်တွေ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေရယ် ပေါင်းစပ်လို့ ပရိသတ်က မျက်နှာကို လက်နဲ့ကွယ်ရလောက်အောင် ဇာတ်ရှိန်ကို အရင်ဆုံး မြှင့်တင်လိုက်လေ့ရှိပါတယ်။ ဒီအချိန်မှာ သရဲက ပေါ်လာလေ့ မရှိဘဲ ပရိသတ်တွေ ]ဟင်း}ဆိုပြီး စိတ်ကိုလွှတ်ချလိုက်တော့မှ "ဘွားခနဲ" ခြောက်တာ သရဲကားတွေရဲ့ ထုံးစံပါ။

အော်လန်က သရဲကားကို ဒီလိုသင်္ချာနည်းကျကျ တွက်ပြီးကြည့်တဲ့အခါကျတော့ သရဲက ဘယ်အချိန်ထွက်ခြောက်ပြီး ဘယ်အချိန် မခြောက်ဘူးလဲဆိုတာကို ကြိုတင်ခန့်မှန့်ပြီး ကြည့်လေ့ရှိပါတယ်။ ခန့်မှန်းတဲ့အတိုင်းလည်း သရဲကထွက်လာတော့ သိပ်ပြီးမကြောက်မိပါဘူး။ ဒါပေမဲ့ သရဲကားအားလုံးကို မကြောက်ဘူးလားလို့ မေးရင်တော့ မဟုတ်ပါဘူး၊ တကယ်ပညာသားပါပါနဲ့ ရိုက်တဲ့ဇာတ်ကားတွေဆိုရင် ခြောက်တော့မယ်မှန်းလည်း သိတယ်၊ တကယ်လည်း မကြည့်ရဲလောက်အောင် ကြောက်ပါတယ်။ ဥပမာ -The Shining, Saw, Anabelle  တို့လို ဇာတ်ကားမျိုးတွေပါ။ အော်လန်က မြန်မာပြည်က သရဲကားကို နိုင်ငံတကာအဆင့် အကောင်းဆုံး သရဲကား တွေနဲ့ ယှဉ်တာတော့မဟုတ်ပါဘူး။ ကြောက်တတ်တဲ့သဘောကို မြင်သာအောင်ပြတာပါ။ ဆိုတော့ အော်လန် စိတ်ကျေနပ် လောက်အောင် "မြမြ"က မခြောက်လှန့်နိုင်ခဲ့ဘူးလို့ ဆိုပါရစေ။

နောက်ထပ် စာတစ်ပိုဒ်ဖွဲ့ပြီး ပြောရမှာက မျက်နှာသစ် သရုပ်ဆောင်တွေရဲ့ အခန်းကဏ္ဍပါ။ "မြမြ" ဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကလွဲရင် ကျန်တဲ့ သရုပ်ဆောင်တွေဟာ မျက်နှာသစ်တွေပါ။ ဒါပေမဲ့ ဇာတ်ကားပြီးချိန်မှာ အခန်းကဏ္ဍအားလုံးမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်သစ်တွေရဲ့ မျက်နှာကို စိတ်ထဲ စွဲကျန်နိုင်လောက်အောင် သရုပ်ဆောင် တော်ကြတာကိုတော့ တွေ့မြင်ခဲ့ရပါတယ်။

ဒီဇာတ်ကားမှာ ဒွိဟဖြစ်စေတဲ့အကြောင်းတစ်ခုကတော့ အချိန်အပြောင်းအလဲမြင်ကွင်းတွေက သိပ်ပြီးသိသိသာသာ ကွာဟနေတာမျိုး မရှိပါဘူး။ ဒါကြောင့်လည်း ဒီဇာတ်ကားမှာ အတိတ်နဲ့ ပစ္စုပ္ပန်ကို ရောစပ်ထားတယ်ဆိုတာကို အစပိုင်းမှာအော်လန်တို့ သတိမထားမိခဲ့တာပါ။ ခရစ်နှစ် ၂၀ဝ၀ ပြည့် ဝန်းကျင်ကာလက ကြေးမုံသတင်းစာတွေ၊ ငွေတစ်ဆယ်တန် တွေကို မြင်မှ ဒါက အတိတ်ကဖြစ်ရပ်တွေကို ပုံဖော်ထားတာ ပါလားဆိုတာ အော်လန်တို့ သတိပြုမိပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်က ပရိသတ် ဒီလိုဖြစ်အောင် တမင်အကွက်ချ စီမံထားတာဖြစ်မယ်လို့ အော်လန်က မြင်ပါတယ်။ ဒီဟာက ပရိသတ်ကို ဒွိဟဖြစ်စေတယ်ဆိုပေမဲ့ ဒီလိုဒွိဟတွေက အရသာ ရှိမရှိ ဆိုတာကတော့ ကြည့်တဲ့သူအပေါ်မှာပဲ မူတည်ပါတယ်။

အော်လန့် စိတ်ထဲမှာ မတင်မကျဖြစ်ရတဲ့ အခန်းတချို့လည်း ရှိပါသေးတယ်။ ဥပမာရုပ်ရည်ရူပကာချောမောပြီး ပထွေးရဲ့ မုဒိမ်းကျင့်ဖို့ အားထုတ်မှုကနေ ရုန်းကန်လွတ်မြောက်ခဲ့တဲ့ မိန်းကလေးက သူ့ရဲ့အိမ်ကိုပြန်မယ်ဆိုပြီး ညမိုးချုပ်မှာ ဘာမှ မပါဘဲ တစ်ယောက်တည်း လမ်းသလားနေတာကိုပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလတွေတုန်းက မိန်းကလေးတစ်ယောက်က ညကြီးမိုးချုပ်မှာ ဒီလိုပဲ လျှောက်သွားမယ်လို့ အော်လန်က မထင်ပါဘူး။ အထူးသဖြင့် ပထွေးရဲ့ မုဒိန်းကျင့်ကျူးလွန်တာကို ဓားနဲ့ထိုးပြီး သီသီလေးလွတ်ခဲ့တဲ့ မိန်းကလေးမျိုးဆိုရင်ပေါ့။

ဒါက မြမြ မုဒိမ်းအကျင့်ခံရဖို့ ကြိုတင်စီစဉ်ထားသလိုမျိုး သိသာလွန်းနေပြီး မုဒိန်းအကျင့်ခံ၊ အသတ်ခံရဖို့အရေး ညကြီးမိုးချုပ်မှာ တစ်ယောက်တည်း လမ်းသလားခိုင်းတာမျိုး မဟုတ်ဘဲနဲ့ တခြားတစ်နည်းနည်းနဲ့ ကြံဖန်ရင်လည်း ဖြစ်ကောင်းဖြစ်နိုင်သေးတယ်လို့တော့ အော်လန်က ယူဆမိပါတယ်။

ဒီကားရဲ့ အနှစ်က ဇာတ်ညွှန်းသေသပ်မှုပါပဲ။ ပရိသတ် ထင်မထားမိတဲ့ မြှုပ်ကွက်တွေ၊ အလှည့်အပြောင်းတွေ၊ ဇာတ်လမ်းတစ်ခုလုံးရဲ့ ကျောရိုးကို ဇာတ်သိမ်းခါနီးမှ ထုတ်ပြခဲ့ပြီး ကြည့်နေတဲ့သူရဲ့ အတွေးကို ပြောင်းပြန်လှန်ပစ်နိုင်လောက်အောင် သေသေသပ်သပ်လေး အကွက်ချစီစဉ်ထားတာတွေက ဒီဇာတ်ကားရဲ့ အနှစ်သာရပါပဲ။

အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ "မြမြ" ဇာတ်ကားကို ကြောက်စရာကောင်းတဲ့ ဇာတ်ကားဆိုတာထက် ဇာတ်လမ်းမြှုပ်ကွက်၊ အလှည့်အပြောင်း၊ အချိုးအကွေ့တွေနဲ့ ခြယ်မှုန်း ထားတဲ့ ဇာတ်ကားတစ်ကားလို့ အော်လန်က ပိုပြီးမြင်ပါတယ်။ ဒီလိုပဟေဠိဆန်ဆန် ဇာတ်လမ်းအချိုးအကွေ့၊ အလှည့် အပြောင်းတွေကို ချောက်ချားစရာတွေနဲ့ ရောစပ်ထားတဲ့ ရုပ်ရှင်ကားမျိုးကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက်တော့ "မြမြ" ဟာ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့
လို့ အော်လန်က ညွှန်းပါရစေ။