လမ်းဘေး ကွမ်းယာဆိုင်၌ စွန့်ပစ်ထားသည့် အသက် ၇ လအရွယ် ကလေးအလောင်းတွေ့

လမ်းဘေး ကွမ်းယာဆိုင်၌ စွန့်ပစ်ထားသည့် အသက် ၇ လအရွယ် ကလေးအလောင်းတွေ့

ရွှေဘိုမြို့နယ် ရွှေဘို-ကျောက်မြောင်းကားလမ်းဘေးရှိ ကွမ်းယာဆိုင်တစ်ခု၌ စွန့်ပစ်ထားသည့် အသက် ၇ လအရွယ် ကလေးအလောင်းတွေ့ရှိမှု သက်ဆိုင်ရာက (ယနေ့) ဖေဖော်ဝါရီ ၁၃ ရက်တွင် အမှုဖွင့် စုံစမ်းလျက်ရှိသည်။

ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ရွှေဘို-ကျောက်မြောင်း ကားလမ်းဘေး၌ သေဆုံးနေသည့် အသက် ၇ လအရွယ်ကလေးငယ် အလောင်းတွေ့ရှိကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

" မင်းကျောင်းကျေးရွာနားက ကွမ်းယာဆိုင်ခုံပေါ်မှာ ကလေးအလောင်းကို စောင်နဲ့ ပတ် ထုပ်ပြီး စွန့်ပစ်ခဲ့တာ။ အလောင်းက ယောကျ်ားလေးပါ " ဟု အဆိုပါကျေးရွာနေ ကိုသိန်းစိုးက ပြောသည်။

အလောင်းကို ရွှေဘိုပြည်သူ့ဆေးရုံသို့ပို့အပ်ခဲ့ပြီး ရွှေဘိုမြို့မ ရဲစခန်းက(ပ)၁၁၃/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့်ကာ ဆက်လက်စုံစမ်းလျက်ရှိသည်။