စောင့်ကြပ်ကြည့်ရှုခံနေရသည့် ဝူဟန်ပြန်ကျောင်းသားများကို ကျန်းမာရေး ထောက်ခံစာထုတ်ပေးမည်

စောင့်ကြပ်ကြည့်ရှုခံနေရသည့် ဝူဟန်ပြန်ကျောင်းသားများကို ကျန်းမာရေး ထောက်ခံစာထုတ်ပေးမည်

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုခံနေရသည့် ကျောင်းသားများနှင့် ကျန်းမာရေးဝန်ထမ်းတို့သည် ဖေဖော်ဝါရီ ၁၆ ရက်၌ နေရပ်ပြန်ခွင့်ရမည်ဖြစ်ပြီး ၎င်းတို့ကို ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာများထုတ်ပေးရန်  စီစဉ်ထားကြောင်း သိရသည်။    

ကန်တော်နဒီဆေးရုံတွင်  ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူ ၅၉ ဦးနှင့် ကျန်းမာရေးဝန်ထမ်း သုံးဦး စုစုပေါင်း ၆၂ ဦးတို့ကို စခန်းသွင်း စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ပြုလုပ်နေခြင်းဖြစ်သည်။ ကျောင်းသားကျောင်းသူ ၅၉ ဦးမှာ ဖေဖော်ဝါရီ ၁၃ ရက်အထိ စောင့် ကြည့်စစ်ဆေးမှုများအရ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး နေရပ်အသီးသီးသို့ ပြန်ချိန်၌ စောင့်ကြည့် စစ်ဆေးမှုပြုလုပ်ထားပြီးကြောင်း ထောက်ခံချက်ပေးမည်ဟု ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းမြင့်က ပြောသည်။

"၆၂ ဦးစလုံး ကျန်းမာရေးကောင်းမွန်ပါ တယ်။ WHO Guide Line အတိုင်းQuarantine ၁၄ ရက်လုပ်တာက ဖေဖော်ဝါရီ ၁၆ ရက်ဆိုရင်ပြည့်ပြီဖြစ်လို့ သူတို့နေရပ်ကို ပြန်ကြတော့မှာ။ ဒီကိစ္စကို SRT ကနေဆောင် ရွက်နေပါပြီ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်မလား၊ တချို့က မိဘတွေလာခေါ်မယ်။ ပြန်မယ့်နေရာနဲ့ ဘယ်အချိန်ပြန်မလဲ စာရင်းကောက်ထားတယ်"ဟု ၎င်းက ပြောသည်။

၎င်းတို့ကို နေရပ်အသီးသီးပြန်ချိန်တွင် Quarantine (စခန်းသွင်းစောင့်ကြပ်ကြည့်ရှုခြင်း) ပြုလုပ်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံသည့် စာအုပ်ကို မန္တလေးဆေးရုံကြီးမှ တာဝန်ယူထုတ်ပေးမည်ဖြစ်ကြောင်း၊ မိမိအစီ အစဉ်ဖြင့်ပြန်မည့်သူများအတွက် ကားလက် မှတ်များကို တိုင်းအစိုးရက စီစဉ်ပေးမည်ဖြစ် ကြောင်း သိရသည်။

"သူတို့ကို မိမိတို့အခန်းတွေမှာနေခိုင်းပြီး တံခါးပြတင်းပေါက်တွေ အမြဲပိတ်ခိုင်းထားပြီး လိုက်နာမှုမရှိရင် CCTV တွေနဲ့ တာဝန်မှူး အခန်းကနေ ၂၄ နာရီစောင့်ကြည့်တယ်။ အစား အသောက်နဲ့ လိုအပ်မယ့်ပစ္စည်းတွေထားရာ အခန်းအဆင်သင့်ဖြစ်မှ Bell ဘဲလ်တီးပြီး N95 Mask တပ်ပြီး လာယူခွင့်ပေးတယ်"ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က လူမှုကွန်ရက်တွင် ပြောသည်။

အဆိုပါ ကျောင်းသားကျောင်းသူ ၅၉ ဦးသည် တရုတ်နိုင်ငံ ဝူဟန်မြို့မှ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီ ၁၅ မိနစ်က ရောက်ရှိ ခဲ့ပြီး စောင့်ကြပ်ကြည့်ရှုရန် ပြင်ဆင်ထားသည့် ကန်တော်နဒီဆေးရုံသို့ နံနက် ၅ နာရီ ခွဲခန့်တွင် ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၁၆ ရက်၌ စောင့်ရှောက်မှု ၁၄ ရက်ပြည့်မည်ဖြစ် သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး