မန္တလေးမြို့ ကန်တော်နဒီဆေးရုံ၌ စောင့်ကြပ်ကြည့်ရှုပေးခဲ့သည့် တရုတ်နိုင်ငံ၊ဝူဟန်မှ ပြန်လည်ခေါ်ဆောင်ခဲ့သော ကျောင်းသားကျောင်းသူ ၅၉ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦး ပေါင်း ၆၂ ဦး ဖေဖေါ်ဝါရီ ၁၅ ရက် ည ၁၂ နာရီတွင် ရက်ပြည့်ပြီဖြစ်ပြီး ကျန်းမာရေးကောင်းကြ သဖြင့် နေရပ်ပြန်ခွင့်ရရှိခဲ့ကြောင်းသိရသည်။
၎င်းတို့အား ဖေဖော်ဝါရီ ၁၆ ရက် (ယနေ့ ) နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်တာဝန်ရှိသူများ၊ မန္တလေး မြို့တော်ဝန်နှင့် တာဝန်ရှိသူများက နုတ်ဆက် အမှာစကား လာရောက်ပြောကြားခဲ့ကြသည်။
"ကိုယ့်နိုင်ငံသားတွေ အန္တရာယ်မဖြစ်အောင် အားလုံးပူးပေါင်းဆောင် ရွက်ခဲ့တယ်။ ဝူဟန်က ပြန်ခေါ်လာတဲ့ လေယာဉ်ပျံကလည်း မန္တလေး အရင်ဆိုက်မှာ ဖြစ်လို့ ဒီမှာလာထားတယ်။ ၁၄ ရက်အများဆုံး စောင့်ကြည့်တယ်။ အိမ်ပြန်ရင်လည်း သတိနဲ့ နေကြပါ။နေ့စဉ်နေ့တိုင်း ၅၉ ယောက်ရဲ့ အခြေအနေတွေကို တင်ပြကြပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
အဆိုပါကျောင်းသားများတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ လွိုင်ကော်၊ ပခုက္ကူ၊ ကလေး၊ ကောလင်း၊စသည့် ဒေသများမှပါဝင်ပြီး ၎င်းတို့အား ၁၄ ရက်တာကာလအတွင်း စားသောက်နေထိုင်ရေး၊ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း၊နေရပ်ပြန်ချိန်တွင် ကျန်းမာရေးစစ်ကောင်းမွန်ကြောင်း ထောက်ခံချက်များထုတ်ပေးခြင်း၊ ကားလက်မှတ်များ စီစဉ်ပေးခဲ့ပြီး ကားဂိတ်အရောက်ပို့ဆောင်ပေး ခဲ့ကြောင်းသိရသည်။
















