လီဗာပူးရဲ့ အီးပီအယ်လ် (သို့မဟုတ်) ဖလားရချိန်တန်ပြီ

လီဗာပူးရဲ့ အီးပီအယ်လ် (သို့မဟုတ်) ဖလားရချိန်တန်ပြီ

ဗြိတိန်ကျွန်းရဲ့ အအောင်မြင်ဆုံး အသင်း တွေထဲမှာ ပါဝင်နေတဲ့ လီဗာပူးဟာ အင်္ဂလန် အမှတ်ပေးချန်ပီယံဆုဖလားကို ၁၈ ကြိမ် ဆွတ်ခူးခဲ့ပေမယ့် ပရီးမီးယားလိဂ်လို့ အမည် ပြောင်းကျင်းပတဲ့ ပြိုင်ပွဲမှာ တစ်ကြိမ်တစ်ခါမှ ချန်ပီယံမဖြစ်သေးဘူးဆိုတာ အားလုံးအသိ ဖြစ်ပါလိမ့်မယ်။

အောင်မြင်မှု သမိုင်းကြောင်း ကြီးမားတဲ့ လီဗာပူးဟာ နှစ်စဉ်နှစ်တိုင်းဆို သလို ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကိုင် မြှောက်ဖို့ ကြိုးစားခဲ့ရာမှာ မနှစ်ကတော့ချန်ပီယံ ဖြစ်ဖို့  တော်တော်လေး နီးစပ်ခဲ့ပါတယ်။

၂ဝ၁၈–၁၉ ပရီးမီးယားလိဂ် ချန်ပီယံဘယ်သူ ဖြစ်မလဲဆိုတာကို နောက်ဆုံးပွဲအထိ စောင့် ကြည့်ခဲ့ရပြီး လီဗာပူးဟာ ကံဆိုးစွာနဲ့ ချန်ပီယံ မဖြစ်ခဲ့ပါဘူး။ မန်စီးတီးက ၉၈ မှတ်နဲ့ လီဗာ ပူးကို တစ်မှတ်ဖြတ်ကာ ချန်ပီယံဆု ကာကွယ် နိုင်တာက လီဗာပူး ပရိသတ်တွေအတွက် ဝမ်းနည်းစရာကောင်းခဲ့ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာတော့ အသင်း သမိုင်းတစ်လျှောက် တစ်ခါမှမရဖူးတဲ့ ပရီး မီးယားလိဂ် ချန်ပီယံဆုဖလားကို သိမ်းပိုက် နိုင်ဖို့ ၉၉ ဒသမ ၉ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ ဖေဖော်ဝါရီ ၁၅ ရက်က နောဝစ်ချ်ကွင်းမှာ သွားရောက်ကစား ခဲ့ပြီး လူစားဝင်ကစားသမား မာနေးရဲ့ တစ် လုံးတည်းသော အနိုင်ဂိုးကြောင့် နိုင်ပွဲဆက်ကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ ရှေ့တစ်လှမ်း တိုးခဲ့ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားပြီးချိန် ၂၅ ပွဲနိုင်၊ တစ်ပွဲ သရေ၊ ၇၆ မှတ်နဲ့ ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်ဖြတ်ကာ အဆင့်တစ်ကနေ ဦးဆောင်ဆဲ ဖြစ်ပါတယ်။ လီဗာပူးဟာ နောဝစ်ချ်ကို နိုင်ခဲ့ တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယား လိဂ် ၃၆ ပွဲမှာ ၃၅ ပွဲမြောက် နိုင်ပွဲရခဲ့တာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ် ၁၇ ပွဲဆက်တိုက် အနိုင်ကစားထားပြီး ၁၈ ပွဲ နိုင်ပွဲဆက်ခဲ့တဲ့ မန်စီးတီးရဲ့ စံချိန်ကိုကျော်ဖြတ်ဖို့လည်း အခွင့် အလမ်း ပိုင်ဆိုင်နေပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ပြိုင်ဘက်အသင်း တွေထက် အားသာမှုရှိနေတာကတော့ အသင်း လိုက် စုစည်းမှုကောင်းပြီး ပွဲဆက်ခြေမှန်နေတာ ဖြစ်ပါတယ်။ ဆာလက်ချ်၊ ဖာမီနိုနဲ့ မာနေးတို့ရဲ့ တိုက်စစ်အတွဲဟာ ပြိုင်ဘက်တိုက်စစ်ထက် ပိုကောင်းနေမှန်း ထင်ရှားပါတယ်။ အသင်း ခေါင်းဆောင် ဟန်ဒါဆန်ဦးဆောင်တဲ့ လီဗာပူး ကွင်းလယ်ကလည်း အပြစ်ပြောစရာ မရှိပါဘူး။

ဒါ့အပြင် ဗန်ဒိုက်ဦးဆောင်နေတဲ့ လီဗာပူးခံစစ် ဟာ အမှားနည်းပြီး ဂိုးသမား အယ်လစ်ဆန် ကလည်း အကောင်းဆုံးလက်စွမ်းပြ ကစား နေပါတယ်။ နည်းဗျူဟာ အားကောင်းတဲ့ ဂျာမန်လူမျိုးနည်းပြ ဂျာဂင်ကလော့ပ်ရဲ့ လက် အောက်မှာ လီဗာပူးဟာ တော်တော်လေး ကောင်းနေပြီး မနှစ်က ချန်ပီယံလိဂ်ဆုဖလား ပြန်ယူနိုင်ခဲ့သလို ဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး ဖို့ တာစူနေပါတယ်။

ဒီရာသီ ပရီးမီးယားပြိုင်ပွဲမှာ လီဗာပူး အသင်းကို ချန်ပီယံဖြစ်စေဖို့ အားကောင်း စေတဲ့ အကြောင်းတရားအချို့ ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးက အစ အသင်းကြီးတွေ ခြေစွမ်းတည်ငြိမ်မှု မရှိ ခဲ့တာက လီဗာပူးကို နှာတစ်ဖျားသာစေခဲ့ပါ တယ်။ လီဗာပူးရဲ့ အဓိကပြိုင်ဘက်အသင်း တွေဟာ ဒီရာသီမှာ ပွဲအပေါ်အာရုံစူးစိုက်မှု အားနည်းနေပါတယ်။

မန်စီးတီးအပြင် မန်ယူ၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါး အစရှိတဲ့ အသင်းကြီးတွေဟာ ပွဲဆက်အနိုင်ရဖို့ ရုန်းကန် နေရတာပါ။ ဒီလိုအချိန်မှာ လီဗာပူးဟာ ပြိုင် ဘက်တွေကို ရမှတ်ဖြတ်ထားချိန်မှာတောင် ချန်ပီယံဖြစ်ဖို့ မစဉ်းစားဘဲ တစ်ပွဲချင်းစီကို အာရုံစူးစိုက်ပြီး ကစားခဲ့ပါတယ်။ လီဗာပူးဟာ ဒီနှစ်မှာ နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကို အနိုင် ရအောင် ကစားနေပါတယ်။ ဒါ့အပြင် လီဗာပူး ဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကိုလည်း ခံရပြီး  အချို့ပွဲတွေမှာဆိုရင် ကံကောင်းလို့ အနိုင်ရခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ပူပူနွေးနွေးကစားခဲ့တဲ့ နောဝစ်ချ်ပွဲမှာ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်း ရရှိအောင် ကစားခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၁၇ ကြိမ်အထိ ရခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူး ဟာ ဂိုးရခက်နေခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ် အရောက် လူစားဝင် မာနေးက အသင်းခေါင်း ဆောင် ဟန်ဒါဆန် ကွင်းတစ်ဝက်ကနေ ဖြတ် တင်ပေးလိုက်တာကို ညာခြေနဲ့ တစ်ချက်ထိန်း ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့တာကြောင့် လိုအပ်နေတဲ့ အနိုင်ဂိုး ရသွားခဲ့တာဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲတွေမှာ လီဗာပူး ကံကောင်းခဲ့တဲ့ပွဲတွေကိုလည်း တွေ့ရမှာပါ။

လီဗာပူးဟာ ၁၉၈၉–၉ဝ ဘောလုံးရာသီက အင်္ဂလန်အမှတ်ပေး ချန်ပီယံဆုကို နောက် ဆုံးရရှိခဲ့ပါတယ်။ အခုဆိုရင် လီဗာပူးဟာ နှစ်ပေါင်း ၃ဝ အတွင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရရှိဖို့ အင် မတန် နီးစပ်နေပြီ ဖြစ်ပါတယ်။ လီဗာပူးဟာ လက်ကျန် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ငါးပွဲ နိုင်လိုက်တာနဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ပိုင်ဆိုင်တော့မှာပါ။ လီဗာပူးဟာ အသင်းရဲ့ ခြေစွမ်းအရ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ကို မနှစ်ကတည်းက ရသင့်ခဲ့ပေမယ့် လွဲချော် ခဲ့ရပါတယ်။

နည်းပြကလော့ပ်ဟာ ချန်ပီယံ လိဂ်ဆုဖလား ပိုင်ဆိုင်တဲ့အထိ ခြေစွမ်း မှန်ခဲ့တဲ့အသင်းကို ဟန်ချက်မပျက်အောင် စွမ်းဆောင်ပေးထားတာက ချီးကျူး စရာကောင်းပါတယ်။ လီဗာပူး ကစားသမားတွေကလည်း တစ် ကိုယ်ကောင်းစိတ်နည်းပြီး အသင်းလိုက် စုစုစည်းစည်း နဲ့  ကစားနေတာကြောင့် အောင်မြင်မှုအသီးအပွင့် ခံစားရတော့မှာပါ။

စံချိန်တွေနဲ့ အကောင်း ဆုံးရှေ့ဆက်နေတဲ့ လီဗာပူး ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုကို ခုနစ်သင်းမြောက် ပိုင်ဆိုင်မယ့် အသင်းဖြစ်လာတော့မှာပါ။ ပရီးမီးယားလိဂ် လို့ အမည်ပြောင်းခဲ့ပြီးနောက် ချန်ပီယံဖြစ်ခဲ့ ဖူးတဲ့ အသင်းတွေဆိုလို့ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ ဘလက်ဘန်းနဲ့ လက်စတာတို့ပဲ ရှိခဲ့ပါတယ်။ လီဗာပူးဟာ အာဆင်နယ်အသင်းရဲ့ စံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အလမ်းရှိနေ ပြန်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ၄၃ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် ကစားထားတာကြောင့် အာဆင်နယ်ရဲ့ ၄၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို လိုက်မီပြီး ကျော်ဖြတ်ဖို့ အလားအလာကောင်း နေပြန်ပါတယ်။

လီဗာပူးအသင်းအတွက် ၂ဝ၂ဝ ပြည့်နှစ်မှာ သမိုင်းတစ် လျှောက် တစ်ခါမှ မရဖူးတဲ့ ပရီးမီး ယားလိဂ် ချန်ပီယံ ဆုဖလား ရချိန်တန် ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူး အသင်းအတွက် ကာလ ရှည်ပေးဆပ် ကစားသွား ခဲ့တဲ့ နာမည်ကြီး ကစား သမားတွေဟာ အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်တာမျိုးမရှိခဲ့ပါဘူး။ ဒီအချိန် မှာတော့ လီဗာပူး ကစားသမားဟောင်း တွေ၊ တစ်ကမ္ဘာလုံးက လီဗာပူး ပရိသတ်တွေ၊ လက်ရှိ အသင်း ကစားသမားတွေ မျှော်လင့် တောင့်တနေတဲ့ ပရီးမီး ယားလိဂ် ချန်ပီယံဆုဖလား က လက်ဝယ်ပိုင်ဆိုင်ဖို့ လက်တစ်ကမ်းအကွာမှာ ရောက်နေပြီဖြစ်ပါတယ်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး