နိုင်ငံတကာမှ ကျန်းမာရေးပညာရှင်များနှင့် တရုတ်ကျန်းမာရေးပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၆ ရက်တွင် ပေကျင်း၌ ဆွေးနွေးခဲ့ကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ခဲ့သည်။
WHO ဦးဆောင်သော နိုင်ငံတကာကျွမ်းကျင်သူများသည် တရုတ်ရှိ ကျန်းမာရေးကျွမ်းကျင်သူများနှင့် ဆွေးနွေးနေပြီဖြစ်ကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်က တွစ်တာ၌ ရေးသားခဲ့သည်။ တရုတ်အစိုးရ၏ အားသွန်ခွန်စိုက် အားထုတ်မှုကြောင့် ရောဂါဖြစ်ပွားသူသစ်ဦးရေ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်ထော်နီယို ဂူတာရက်စ်က ပါကစ္စတန်ခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။
သို့သော် ဗိုင်းရပ်စ်အခြေအနေ မည်သို့ဆက်ဖြစ်မည်ကို မသိနိုင်သေးကြောင်း တဲဒရိုစ်က သတိပေးခဲ့သည်။ စိုးရိမ်ပူပန်မှု အကြီးအကျယ် မဖြစ်စေဘဲ သင့်တင့်လျောက်ပတ်သော သတိပေးချက်ကို ထုတ်ပြန်ပေးရန် အစိုးရများ၊ ကုမ္ပဏီများနှင့် သတင်းအဖွဲ့အစည်းများကို အကြံပြုလိုကြောင်း တဲဒရိုစ်က ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ပြုလုပ်ခဲ့သည့် လုံခြုံရေးညီလာခံ၌ ပြောဆိုခဲ့သည်။
ရောဂါကူးစက်မှုရှိမရှိ မည်ကဲ့သို့ စစ်ဆေးသည်နှင့် ပတ်သက်၍ သတင်းအချက် ပိုမိုထုတ်ပြန်ပေးရန် WHO က နှိုးဆော်ခဲ့သည်။ တရုတ်အာဏာပိုင်များသည် ရောဂါဖြစ်ပွားမှု ဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်နှင့် ဝူဟန်တို့ရှိ လူ ၅၆ သန်းခန့်ကို ခရီးသွားလာခွင့် ပိတ်ပင်ထားသည်။
ထို့ပြင် ပြည်နယ်တွင်း သွားလာမှုကိုလည်း ပိုမိုတင်းကျပ်လိုက်ပြီဖြစ်ကြောင်း ဟူပေးအာဏာပိုင်များက ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံရှိ အခြားဒေသများတွင်လည်း ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ဗိုင်းရပ်စ်ကြောင့် လူမှုမတည်မငြိမ်ဖြစ်လာမည်ကို ကြိုတင်ချင့်တွက်သည့် အနေဖြင့် အကျပ်အတည်းအတွင်း ရဲတပ်ဖွဲ့ကို ပိုမိုအသုံးပြုမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအား အများပြည်သူက မြင်ရမှုအကြိမ် ပိုမိုများပြားလာမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုခဲ့သည်။

















