ရောမအခြေစိုက် လာဇီယိုအသင်း သည် ဖေဖော်ဝါရီ ၁၆ ရက်က စီးရီးအေ ပွဲစဉ် ၂၄ အဖြစ် အိမ်ကွင်းတွင် အင်တာမီလန်နှင့် ယှဉ်ပြိုင်ခဲ့ရာ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့်နှစ်နေရာသို့ ရောက်လာခဲ့ကြောင်း သိရသည်။
လာဇီယိုနှင့် အင်တာမီလန်သည် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး အင်တာမီလန်မှာ ပထမ ပိုင်းပြီးလုချိန်တွင် အက်ရှ်လေယန်း၏ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။ လာဇီယိုသည် ဒုတိယပိုင်း မိနစ် ၅ဝ တွင် ပင်နယ်တီ မှတစ်ဆင့် ချေပဂိုးပြန်ရခဲ့ပြီး တိုက်စစ် မှူး အင်မိုဘိုင်းက သွင်းယူခဲ့သည်။ လာဇီယိုသည် ၆၉ မိနစ်တွင် အဖိုးတန် အနိုင်ဂိုးရခဲ့ပြီး ဆာဗစ်က ပင်နယ်တီ ဧရိယာအတွင်း ရှုပ်ယှက်ခတ်နေသည့် ကြားမှ သွင်းယူခဲ့ခြင်းဖြစ်သည်။
လာဇီယိုသည် ပွဲစဉ် ၂၄ အပြီး ၁၇ ပွဲနိုင်၊ ငါးပွဲ သရေ၊ နှစ်ပွဲရှုံး၊ ၅၆ မှတ်ဖြင့် အဆင့်တစ်နေရာမှ ဂျူဗင်တပ်စ် နှင့် တစ်မှတ်သာကွာပြီး အင်တာမီလန် ကို နှစ်မှတ်ဖြတ်ထားခဲ့သည်။ လာဇီယို သည် ယခုနှစ် စီးရီးအေတွင် ၂၁ ဂိုး သာပေးထားရ၍ ခံစစ်အကောင်းဆုံး အသင်းဖြစ်နေသည်။ ထို့အပြင် လာဇီ ယိုသည် ယခုနှစ်တွင် အတ္တလန္တာပြီး နောက် သွင်းဂိုး ၅၅ ဂိုးဖြင့် ဒုတိယ တိုက်စစ်အကောင်းဆုံး ဖြစ်နေသည်။
ယခုနှစ် စကူဒက်တိုချန်ပီယံဆု ဖလားပြိုင်ပွဲမှာ ဂျူဗင်တပ်စ်၊ လာဇီယို နှင့် အင်တာမီလန်တို့၏ အားပြိုင်မှုဖြင့် အကြိတ်အနယ်ရှိနေသည်။ လီဗာပူး နည်းပြ ဂျာဂင်ကလော့ပ်က လာဇီယို အသင်း စကူဒက်တို ချန်ပီယံဖြစ်ရန် လိုလားနေသည်။
ကလော့ပ်က ''ဒီနှစ် စကူဒက်တိုချန်ပီယံဆုဖလား လာဇီယို ရသွားဖို့ အားပေးနေပါတယ်။ လီဗာပူး ကစားသမားဟောင်းဖြစ်တဲ့ လူးကပ် လီဗာက လာဇီယိုမှာပါ။ အင်မိုဘိုင်း ဟာဆိုရင်လည်း ဒေါ့မွန်ကို နည်းပြ တုန်းက ကျွန်တော့်ရဲ့ကစားသမား ဟောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ချန်ပီယံဆုအတွက် လာဇီယိုကို တစ် ပေးလို့ ဆာရီနဲ့ ကွန်တီအတွက် ကျွန် တော် စိတ်မကောင်းပါဘူး။ သေချာ တာကတော့ လာဇီယိုဟာ တကယ့် မထင်မှတ်ထားတာတွေကို လုပ်နိုင်စွမ်း ရှိတယ်။ သူတို့ဟာ အကောင်းဆုံး ဘောလုံးရာသီ ပိုင်ဆိုင်နေတယ်''ဟု Rai နှင့် တွေ့ဆုံခဲ့ရ၌ ပြောကြားခဲ့သည်။
ဇီယိုသည် ယမန်နှစ်က ကိုပါအီတာလီယာ ချန်ပီယံဆုဖလား ပိုင်ဆိုင်ခဲ့သည်။ လာဇီယိုသည် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း စကူဒက်တိုဆုနှင့် ဝေးကွာနေသည်။















