၂၀၁၄ ခုနှစ်နောက်ပိုင်း ဂျပန်စီးပွားရေး အမြန်ဆုံးနှုန်းဖြင့် ကျဆင်း

၂၀၁၄ ခုနှစ်နောက်ပိုင်း ဂျပန်စီးပွားရေး အမြန်ဆုံးနှုန်းဖြင့် ကျဆင်း

၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ဂျပန်စီးပွားရေးတိုးတက်မှုသည် အမြန်ဆုံးနှုန်းဖြင့် ကျဆင်းခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း စီးပွားရေးကျဆင်းမှု အမြန်ဆုံးနှုန်းအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
 

အရောင်းခွန်တိုးမြှင့်ကောက်ခံမှု၊ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရမှု၊ ကမ္ဘာ့စီးပွားနှေးကွေးနေမှုများသည် ဂျပန်စီးပွားရေး ကျဆင်းရသည့် အဓိကအချက်များဖြစ်သည်။၂၀၁၉ ခုနှစ်အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ဂျီဒီပီ ကျဆင်းမှုသည် ခန့်မှန်းထားသည့် ၆ ဒသမ ၃ ရာခိုင်နှုန်းကိုပင် ကျော်လွန်ခဲ့သည်။ ၂၀၁၄ ခုနှစ်က ဂျီဒီပီ ၇ ဒသမ ၄ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ရဖူးသည်။ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် နိုင်ငံတကာစီးပွားဆက်ဆံမှုများ ကန့်သတ်ထားရသဖြင့် ၂၀၂၀ ပြည့်နှစ် ပထမ သုံးလပတ်တွင်လည်း ဂျပန်စီးပွားရေးသည် ဆက်လက်ကျဆင်းကောင်း ကျဆင်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ဂျပန်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ စတင်ပြီး ရောင်းခွန်ကို ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံပြီးနောက်ပိုင်း စားသုံးသူ သုံးစွဲနှုန်းသည် ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုလအတွင်းမှာပင် တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်သည် ဂျပန်ဒေသ အတော်များများကို မွှေနှောက်တိုက်ခတ်ခဲ့သဖြင့် စီးပွားလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။

အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေးစစ်ပွဲ ဂယက်အဖြစ် ဂျပန်တွင် စီးပွားလုပ်ငန်းများ ရင်းနှီးမြှုပ်နှံနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ပို့ကုန်ကဏ္ဍသည်လည်း ဝ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် စက်ရုံများ ပိတ်ထားရမှု၊ တရုတ်မှ ခရီးသည်များ ဂျပန်သို့ အဝင်နည်းသွားမှုတို့ကြောင့် ဂျပန်သည် ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် စီးပွားပြန်တက်အောင် လုပ်နိုင်ပါ့မည်လားဟု ဈေးကွက်ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဆိုးကျိုးထိခိုက်လာမည်ကို ခံနိုင်ရည်ရှိစေရန် ဂျပန်အစိုးရက ပြင်ဆင်ထားကြောင်း စီးပွားရေးဝန်ကြီး ယာဆူတိုရှီ နီရှီမူရာက ပြောသည်။

ရောင်းခွန် တိုးမြှင့်ကောက်ခံမှုကြောင့် နိုင်ငံအတွင်း စီးပွားလည်ပတ်မှု ကျဆင်းခြင်းကို ကာမိစေရန်အတွက် အစိုးရက ဒေါ်လာ ၁၂၀ ဘီလျံဖိုး သုံးစွဲမည့် အစီအစဉ်ကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် အတည်ပြုခဲ့သည်။