ဟောင်ကောင်တွင် တုတ်ဓားများ ကိုင်ထားသည့် ဓားပြတစ်စုသည် ဟောင်ကောင်ဒေါ်လာ ၁၅၀ဝ ကျော် (ဒေါ်လာ ၁၃၀ ခန့်) တန်ကြေးရှိသည့် အိမ်သာသုံးစက္ကူလိပ်များကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ဓားပြတိုက် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားလာမှုကြောင့် ဟောင်ကောင်တွင် အပြင်ထွက်ခွင့်များ ပိတ်ပင်ခံရမည် စိုးရိမ်နေသည့် ပြည်သူအများသည် ဆန်၊ ဆီ၊ ဆားမှအစ အိမ်သာသုံးစက္ကူအထိ အလုအယက် ဝယ်ယူနေကြသဖြင့် ဆိုင်များတွင် ပစ္စည်းလုံးဝ ပြတ်လပ်လျက်ရှိသည်။ အိမ်သာသုံးစက္ကူများ ပြတ်လပ်နေချိန်တွင် အမြတ်ထုတ် ရောင်းချရန်အတွက် ဓားပြတစ်စုက မောင်ကော့ ရပ်ကွက်ရှိ စူပါမားကတ်တစ်ခုရှေ့၌ အိမ်သာသုံးစက္ကူလာပို့သည့် ကားတစ်စီးကို ခြိ်မ်းခြောက်ကာ အိမ်သာသုံးစက္ကူလိပ် ရာချီပြီး လုသွားခြင်းဖြစ်သည်။
ဟောင်ကောင်ရဲတပ်ဖွဲ့က ဓားပြများထဲမှ နှစ်ဦးကို ဖမ်းမိထားပြီး အိမ်သာသုံးစက္ကူလိပ် တော်တော်များများကိုလည်း ပြန်သိမ်းယူလိုက်နိုင်ကြောင်း သိရသည်။ မောင်ကော့အရပ်သည် ဟောင်ကောင်တွင် လူဆိုးဂိုဏ်းများ ကျက်စားရာ သမိုင်းဝင် နာမည်ကျော်နေရာဖြစ်သည်။
၁၆၉၅ ဟောင်ကောင်ဒေါ်လာဖိုး တန်ကြေးရှိသည့် အိမ်သာသုံးစက္ကူလိပ် ခြောက်ရာကို ဓားပြများ တိုက်ယူသွားကြောင်း ဟောင်ကောင် မီဒီယာများက ဖော်ပြသည်။ ဗိုင်းရပ်စ်အရေးကြောင့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း ဝင်ရောက်မှုများ ထိခိုက်စရာမရှိကြောင်း ဟောင်ကောင် အစိုးရက ကြေညာထားသော်လည်း ပြည်သူအများသည် ကြောက်စိတ်လွန်ကဲကာ အိမ်သာသုံးစက္ကူမှအစ အလုံးအရင်းလိုက် ဝယ်ယူသိုမှီးလျက်ရှိနေသည်။
ဆန်၊ ခေါက်ဆွဲ၊ ရေချိုးခန်း သန့်ရှင်းရေးပစ္စည်း၊ လက်ဆေးဆပ်ပြာမှအစ အခြေခံလူသုံးကုန်၊ စားသောက်ကုန်များလည်း ဟောင်ကောင် ဆိုင်များတွင် ပြတ်လပ်သည်အထိ ဝယ်ယူလျက်ရှိကြသည်။ ဗိုင်းရပ်စ်အရေးကြောင့် နှာခေါင်းစည်းများ၊ လက်ဆေးဆပ်ပြာရည်များသည် ဟောင်ကောင်တွင် ဝယ်ယူရန်ပင် မဖြစ်နိုင်လောက်အောင် ရှားပါးသော ပစ္စည်းများဖြစ်လျက်ရှိသည်။

















