မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့်ကြည့်ခံနေရသူနှစ်ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စိန်ပိုမှ မြို့နယ် အုပ်ချူပ်ရေးမှူး၏ ရုံးခန်းတွင် ဖေဖော်ရီ ၁၇ ရက် မွန်းလွဲ ပိုင်းက မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား အဆိုပါ လူနာနှစ်ဦး၏ အခြေအနေနှင့် ပတ် သက်ပြီး စိုးရိမ်စရာမရှိကြောင်း အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
''စိုးရိမ်စရာ မရှိဘူးလို့ ပြောနိုင် တာက ဒီလူနာတွေမှာ အပြင်း အထန် အဆုတ်ရောင်ရောဂါ မတွေ့ရ လို့ပါ။ ကျွန်တော်တို့ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်နေတာပါ''ဟု မြစ်သား မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုမှ မြန်မာတိုင်းမ်နေ့စဉ်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မြစ်သားဆေးရုံတွင် ရောက်ရှိ နေသည့် သံသယလူနာ နှစ်ဦးသည် တရုတ်–မြန်မာ နယ်စပ်တွင် ကြံခုတ် သွားရာမှ ပြန်လာသူနှစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ချောင်းဆိုး နေသည့်အတွက် သက်ဆိုင်ရာရပ်ကျေး အုပ်ချုပ်ရေးမှူးများမှ သတင်းပေးပို့ မှုကြောင့် ဆေးရုံတွင် ၁၄ ရက် စောင့် ကြည့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလူနာများမှာ တရုတ်နိုင်ငံ ရင်ကျန်းမြို့မှ ပြန်လည်ရောက်ရှိလာ ပြီး မြစ်သားမြို့နယ်တွင် နေထိုင်သည့် အသက်(၁၈)နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် တရုတ်နိုင်ငံ မုန်တိမ်မြို့မှ ပြန်လည်ရောက်ရှိလာသော အသက် (၃၄)နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်၌ သတင်းထုတ်ပြန်ထားသည်။
















