တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၆၈ ဦးရှိပြီး ရောဂါပျောက်ကင်းသူ ၁၂၀ဝ၀ ဦးရှိနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၆၈ ဦးရှိပြီး ရောဂါပျောက်ကင်းသူ ၁၂၀ဝ၀ ဦးရှိနေ

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ၁၈၆၈ ဦးအထိရှိသွားပြီဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၂၅၀ဝ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

ဖေဖော်ဝါရီ ၁၈ ရက်အထိ ၂၄ နာရီအတွင်း သေဆုံးသူ ၉၈ ဦးရှိခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၈၈၆ ဦးရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဗိ်ုင်းရပ်စ်ကူးစက်ခံရသူဦးရေသည် ယမန်နေ့တွင် ကူးစက်ခံရသူသစ်ဦးရေနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားပြီး ယခုလတွင် တစ်ရက်အတွင်း ကူးစက်ခံရသူသစ်အနည်းဆုံးဖြစ်စေခဲ့သည်။

သေဆုံးသူအများစုသည် ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်တွင်ဖြစ်ပြီး နိုင်ငံတွင်း အခြားနေရာများတွင် ငါးဦးသေဆုံးခဲ့သည်။ ဟူပေးအပြင်ဘက်တွင် ကူးစက်သူသစ်ဦးရေသည် ၇၉ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်တွင်ရှိခဲ့သည့် ၈၉၀ ဦးမှ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကျဆင်းသွားသည့် ကူးစက်သူသစ်ဦးရေက ပြသနေသည်ဟု တရုတ်ကျန်းမာရေးကော်မရှင်ကပြောဆိုခဲ့သည်။ သို့သော် ကူးစက်သူသစ်ဦးရေ ကျဆင်းသွားခြင်းကို သတိထားပြီး စောင့်ကြည့်ရမည်ဖြစ်ပြီး  အပြောင်းအလဲများရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အကြီးအကဲ တဲဒရို အဓာနွမ် ဂျီဘရီယဲဆပ်စ်က ပြောဆိုခဲ့သည်။

ကိုရိုနာဗိုင်းရစ်ကူးစက်ခံရပြီး ကုသမှုခံယူကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများအနေဖြင့် ရောဂါသည်းသူများကို ကုသရန်အတွက် သွေးလှူဒါန်းကြရန် တရုတ်ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းထားသည်။ ရောဂါပျောက်သွားသူများ၏သွေးရည်ကြည်တွင် ရောဂါသည်းသူများရှိ ဗိုင်းရပ်စ်ပမာဏကို လျှော့ချနိုင်သည့် ပဋိပစ္စည်းများပါဝင်ကြောင်း ကျန်းမာရေးကော်မရှင်ကပြောဆိုခဲ့သည်။

လူ ၁၂၀ဝ၀ ဦး ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်၏ စာရင်းများအရ သိရသည်။

ဂျပန်နိ်ုင်ငံရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများကို စမ်းသပ်ဆဲ အိပ်ချ်အိုင်ဗွီတိုက်ဖျက်ရေးဆေးများဖြင့် ကုသရန် စီစဉ်နေပြီဖြစ်ကြောင်း ဂျပန်အစိုးရ၏ပြောခွင့်ရှိသူ ယိုရှီဟီဒဲ ဆူဂါက ပြောဆိုခဲ့သည်။

ယိုကိုဟားမားကမ်းလွန်တွင် ဆိုက်ကပ်ထားပြီး သီးသန့်ထားရှိကာ စောင့်ကြည့်မှုများပြုလုပ်နေသည့် သင်္ဘောကြီးပေါ်တွင် ဗို်ုင်းရပ်စ်ကူးစက်ခံထားရသူ ၄၅၄ ဦးအပါအဝင် ဂျပန်၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၂၀ ဦးရှိနေကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။