ချယ်လ်ဆီးသည် ဖေဖော်ဝါရီ ၁၇ ရက်က အိမ်ကွင်းတွင် မန်ယူအား လက်ခံကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီး ပွဲထွက်လူစာရင်း တွင်ဘက်ရှူအာရီ၊ ဝီလျံ၊ ပီဒရို၊ ကန်တီ၊ ကိုဗာဆစ်နှင့် ဂျော်ဂျင်ဟိုတို့ ပါဝင်ခဲ့သည်။ မန်ယူတိုက်စစ်ကို မာရှယ်နှင့် ဒန်နီရယ်ဂျိမ်းစ်တို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်၌ ဘရူနိုဖာနန်ဒက်စ် ပါဝင် လာခဲ့သည်။ မန်ယူသည် ပထမပိုင်း ပြီးလုချိန်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ဘစ် ဆာကာ၏ ဖြတ်တင်ဘောကို မာရှယ်က ခေါင်းတိုက် သွင်းယူခဲ့သည်။ မန်ယူ အတွက် ဒုတိယဂိုးကို ဖာနန်ဒက်စ်၏ ထောင့်ကန်ဘောမှတစ်ဆင့် မက်ဂွိုင်း ယားက သွင်းယူခဲ့၍ နှစ်ဂိုးပြတ် အနိုင် ရခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးနှင့် မန်ယူတို့၏ပွဲကို ကွင်းလယ်ဒိုင် အန်တိုနီတေလာ တာ ဝန်ယူခဲ့ခြင်းဖြစ်ပြီး မန်ယူနိုင်ပွဲရခဲ့ သော်လည်း ပွဲဆူစေမည့် အကြောင်း များရှိခဲ့သည်။ ချယ်လ်ဆီးသည် မန်ယူ ပွဲ၌ ဗီဒီယိုအကူဒိုင်လူကြီးစနစ်ကြောင့် များစွာ နစ်နာခဲ့ရ၍ ချယ်လ်ဆီး ပရိ သတ်များ ဒေါသထွက်နေသည်။ ပွဲ အတွင်း မန်ယူအသာရစေမည့် အဖြစ် အပျက်သုံးခုအထိ ရှိခဲ့သည်။
မန်ယူအသင်းခေါင်းဆောင် မက် ဂွိုင်းယားသည် ပွဲချိန် မိနစ် ၂ဝ တွင် ဘက်ရှူအာရီနှင့် ဘောလုံးယှဉ်လုရင်း လဲကျခဲ့ရာဘက်ရှူအာရီကို ကန်ကြောက် ခဲ့သည်။ သို့သော် မက်ဂွိုင်းယား၏ ပြစ်ဒဏ်ကျူးလွန်မှုကို ဗီဒီယိုအကူဒိုင် လူကြီးစနစ် ပြန်ကြည့်ခဲ့ရာ အနီကတ်ပြ ထုတ်ပယ်ခံရခြင်း မရှိခဲ့ပေ။ မက်ဂွိုင်း ယားသာ အနီကတ်ပြခံရပါက ပွဲမှာ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်သည်။
ချယ်လ်ဆီးအတွက် ဇူးမားက မိနစ် ၆ဝ ၌ ချေပဂိုးပြန်သွင်းခဲ့သော် လည်း အပီလီကျူရေတာက ဘရာဒန် ဝီလျံကို တွန်းခဲ့ဟုဆိုကာ ဂိုးမရခဲ့ပေ။ အပီလီကျူရေတာမှာ ဖရက်ဒ်၏ တွန်း ခြင်းကို ခံခဲ့ရပြီးမှ ဝီလျံကို တွန်းမိသလို ဖြစ်သော်လည်း ဗီဒီယိုအကူဒိုင်လူကြီး စနစ်အရ ဂိုးမရခဲ့ပေ။ လူစားဝင် တိုက် စစ်မှူး ဂီရော့ဒ်သည် ၇၇ မိနစ်တွင် ဂိုးသွင်းပေးခဲ့သော်လည်း ဗီဒီယိုအကူ ဒိုင်လူကြီးစနစ် ပြန်ကြည့်ခဲ့ရာ ခြေ ချောင်းကျွံနေ၍ ဂိုးမရခဲ့ခြင်းက နစ်နာ မှုဖြစ်ခဲ့ရပြန်သည်။
ချယ်လ်ဆီးသည် ယခုရာသီတွင် မန်ယူကို သုံးပွဲစလုံး အရှုံးပေးခဲ့ရသည်။ ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ၂၆ ပွဲ ကစားပြီးချိန် ၄၁ မှတ်ဖြင့် အဆင့် လေးနေရာတွင် ရပ်တည်ကာ မန်ယူမှာ ၃၈ မှတ်ဖြင့် အဆင့်ခုနစ်နေရာတွင် ရပ်တည်နေသည်။















