တရုတ်ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းစုံ ဆန်းစစ်နေသည်ဟု WHO ဆို

တရုတ်ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းစုံ ဆန်းစစ်နေသည်ဟု WHO ဆို

ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးရ အချက်အလက်များကို တရုတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သို့ တင်သွင်းထားပြီး အသစ်ကူးစက်သူအရေအတွက် ကျဆင်းလာပြီဖြစ်သည့်တိုင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းစုံကို ဆန်းစစ်လျက်ရှိကြောင်း WHO က ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ပြောကြားသည်။
 

တရုတ်က တင်ပြထားသော ကိုရိုနာဗိုင်းရပ်စ်အသေးစိတ်အစီရင်ခံစာတွင် ကူးစက်သည့် အသက်အရွယ်အပိုင်းအခြား၊ ရောဂါပြင်းထန်မှု၊ သေဆုံးမှု နှုန်းများကို တိကျစွာ ဖော်ပြထားကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်က ပြောသည်။ ဗိုင်းရပ်စ်သည် တရုတ်အပြင်ဘက်နိုင်ငံများတွင် မြန်မြန်ဆန်ဆန် ကူးစက်ပျံ့ပွားခြင်းမျိုးကို မတွေ့ရသဖြင့် ကမ္ဘာ့ကပ်ရောဂါအဆင့် ရောက်လာပြီဟုဆိုရန် စောလွန်းသေးကြောင်း WHO အရေးပေါ်အစီအစဉ်များဆိုင်ရာ အကြီးအကဲ ဒေါက်တာ မိုက်ခ် ရန်က ပြောသည်။

WHO ကျွမ်းကျင်သူ ဒေါက်တာ ဆယ်ဗီ ဘရိုင်ယန်ကလည်း ဂျပန်နိုင်ငံ ယိုကိုဟားမားတွင် ဆိုက်ကပ်ထားသည့် အပျော်စီးသင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူများကို စောင့်ကြည့်နေမှုများနှင့် ပတ်သက်၍ ဗိုင်းရပ်စ်ရှိသူများကို ခွဲခြားဆက်ဆံခြင်းမဟုတ်ကြောင်း၊ ဗိုင်းရပ်စ်မပျံ့ပွားစေရန် ထိန်းသိမ်းထားခြင်းသာဖြစ်ပြီး၊ လူကို ထိန်းသိမ်းထားခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဗိုင်းရပ်စ် နောက်ဆုံးရ အစီရင်ခံစာကို တရုတ်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ (CCDC) က ထုတ်ပြန်ခြင်းဖြစ်ပြီး ကူးစက်ခံရသူ ၈၀ ရာခိုင်နှုန်းသည် အပျော့စား လက္ခဏာများသာ ပြသပြီး ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများ ဗိုင်းရပ်စ်ကြောင့် ပိုမိုသေဆုံးရကြောင်း ဖော်ပြထားသည်။

ဗိုင်းရပ်စ်သည် ကျန်းမာရေးဝန်ထမ်းများကို အများဆုံး အန္တရာယ်ပြုလျက်ရှိကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။ ဝူဟန်မြို့ ဝူချန်ဆေးရုံ ညွှန်ကြားရေးမှူး အသက် ၅၁ နှစ်အရွယ် လျူ ကျီမင်းသည် ဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၈ ရက်တွင် သေဆုံးခဲ့သည်။ဗိုင်းရပ်စ်ကြောင့် သေဆုံးသည့် ရာထူးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ဗိုင်းရပ်စ် ဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ ဒသမ ၉ ရာခိုင်နှုန်း သေဆုံးပြီး၊ အခြားဒေသများတွင် ဝ ဒသမ ၄ ရာခိုင်နှုန်း သေဆုံးကြောင်း တွေ့ရသည်။