မြဝတီမြို့တွင်း ဝင်ရောက်လာကြသည့် တရုတ်နိုင်ငံသားများ၊ ထိုင်းနိုင်ငံသားများနှင့် တတိယနိုင်ငံသားများအား ထိုင်း-မြန်မာ နယ်စပ်ဂိတ်ပေါက်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဝင်ရောက်လာသည့် ခရီးသွားများကို မြဝတီပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁)နှင့် အမှတ်(၂) ချစ်ကြည်ရေးတံတားကြီးတို့တွင် ဖေဖော်ဝါရီ ၁၈ ရက်၌ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
"မြဝတီမြို့တွင်း ဝင်ရောက်လာတဲ့ ပြည်ပက ဧည့်နိုင်ငံသားတွေကို အခုဖြစ်ပွားနေတဲ့ ဝူဟန်ရောဂါနဲ့ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးပါရှိလာမှု အခြေအနေကို စစ်ဆေးရာမှာ လောလောဆယ် အပူချိန်မြင့် မားမှု ရှိ၊ မရှိ အပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စစ်ဆေးခံရသူဟာ နှာစေးနေမယ်၊ နှာရည်ယိုနေမယ်၊ ချောင်းဆိုး နေမယ်၊ ပြီးတော့ ကိုယ်အပူချိန်မြင့်နေမယ်ဆိုရင် သံသယရှိသူ အဖြစ် သတ်မှတ်ပြီး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးမှာဖြစ်ပြီး လိုအပ်တဲ့ ဆေးကုသမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အမှတ်(၁) ချစ်ကြည်ရေးတံတားကြီးမှ ကျန်းမာရေးစစ်ဆေးဆောင်ရွက် နေသည့် တာဝန်ရှိသူတစ်ဦးက ပြောသည်။
စတင်စစ်ဆေးဆောင်ရွက်ခဲ့သည့် ဇန်နဝါရီ ၂၆ ရက်မှ ယနေ့ချိန်အထိ သံသယလူနာတစ်ဦးမှ တွေ့ရှိခြင်း မရှိကြောင်း သိရသည်။ အဆိုပါ ရောဂါ ရှာဖွေစစ်ဆေးမှုများအား ရက်အကန့်အသတ်မရှိ ဆောင်ရွက်သွား မည်ဖြစ်ပြီး သောင်းရင်းမြစ်ကို ဖြတ်ကျော်သည့် စက်လှေဂိတ်များတွင်လည်း ဆောင်ရွက်နေကြောင်း သိရသည်။
















