တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀ဝ၄ ဦးရှိ၊ ကူးစက်ခံထားရသူ ၇၄၁၈၅ ဦးရှိနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀ဝ၄ ဦးရှိ၊ ကူးစက်ခံထားရသူ ၇၄၁၈၅ ဦးရှိနေ

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၁၉ ရက်အထိ ၂၀ဝ၄ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
 

တရုတ်တစ်နိုင်ငံလုံးတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၄၁၈၅ ဦးရှိနေပြီဖြစ်သည်။ ဖေဖော်ဝါရီ ၁၉ ရက်အထိ ၂၄ နာရီအတွင်း နောက်ထပ်သေဆုံးသူ ၁၃၆ ဦးရှိခဲ့သည်။ သေဆုံးသူအများစုသည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်တွင်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၇၄၉ ဦးရှိခဲ့ပြီး ယခုလအတွင်း ဖြစ်ပွားသူအနည်းဆုံးနေ့ဖြစ်ခဲ့သည်။ ဟူပေးအပြင်ဘက်တွင် ကူးစက်သူသစ် ၅၆ ဦးရှိခဲ့ပြီး ၁၅ ရက်ဆက်တိုက် ကူးစက်သူသစ်ဦးရေ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ၏အရေးယူလုပ်ဆောင်မှုများတွင် သိသာထင်ရှားသည့် တိုးတက်မှုများရှိနေကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဗြိတိန်ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင်နှင့် ဖုန်းပြောဆိုရင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။

ဟူပေးပြည်နယ်မြို့တော် ဝူဟန်ရှိ ဆေးရုံအကြီးအကဲသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်တွင် သေဆုံးခဲ့သည်။ ၎င်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးခဲ့သည့် သတ္တမမြောက်ကျန်းမာရေးဝန်ထမ်းဖြစ်သည်။

တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၅ ဦးရှိခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန(KCDC) က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယား၌ ဗိ်ုင်းရပ်စ်ကူးစက်ခံထားရသူ ၁၁ ဦးရှိခဲ့ရာမှ ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများအနက် ၁၃ ဦးသည် နိ်ုင်ငံတောင်ပိုင်းရှိ ဒေဂူးမြို့နှင့် အနီးအနားရှိ မြောက်ဂျွန်ဆန်းခရိုင်တို့မှဖြစ်သည်။ ၁၁ ဦးသည် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနကပြောဆိုခဲ့သည်။

ဝူဟန်မြို့တွင် ကျန်းမာရေးဝန်ထမ်းများသည် တစ်အိမ်တက်ဆင်းသွားရောက်ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူရှိမရှိကို စစ်ဆေးနေခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ယင်းစစ်ဆေးမှုအဆုံးသတ်ခဲ့ပြီဖြစ်သည်။ လူ့အသက်ထက် ပိုအရေးကြီးသည့်အရာမရှိကြောင်း၊ စစ်ဆေးမှုပြီးစီးပြီးနောက် နောက်တစ်နေ့တွင် ဗိုင်းရပ်စ်ဖြစ်ပွားသူသစ်ကိုတွေ့ရှိသည်ဆိုပါက စီရင်စုခေါင်းဆောင်များ တာဝန်ယူရမည်ဖြစ်ကြောင်း ဝူဟန်ရှိ ကွန်မြူနစ်ပါတီခေါင်းဆောင်သစ် ဝမ် ကျုန်းလင်က ပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံ ယိုကိုဟားမားကမ်းလွန်တွင် ဆိုက်ကပ်ထားပြီး သီးသန့်ထားရှိခံခဲ့ရသည့် သင်္ဘောကြီးပေါ်ရှိ ခရီးသည်များကို ၁၄ ရက်သီးသန့်ထားစောင့်ကြည့်မှုသည် ဖေဖော်ဝါရီ ၁၉ ရက်အနှောင်းပိ်ုင်းတွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ သင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၄၂ ဦးရှိခဲ့သဖြင့် သီးသန့်ထားရှိမှုသည် မအောင်မြင်ခဲ့ကြောင်း ဆေးပညာကျွမ်းကျင်သူများကပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားတွင် ဆိုက်ကပ်ထားသည့် MS Westerdam သင်္ဘောပေါ်ရှိ ခရီးသည်များ ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ကမ္ဘောဒီးယားတွင် သင်္ဘောဆိုက်ကပ်ပြီး ထွက်ခွာခဲ့သည့် ခရီးသည် ၇၀ဝ ဦးအနက် တစ်ဦးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ရောက်ရှိပြီးနောက် ၎င်းတွင် ဗိုင်းရပ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။