ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေး တရုတ်နိုင်ငံသားများကို ရုရှားပြည်ဝင်ခွင့်ပိတ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်ရေး တရုတ်နိုင်ငံသားများကို ရုရှားပြည်ဝင်ခွင့်ပိတ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးအတွက် တရုတ်နိုင်ငံသားများကို ယာယီအားဖြင့် ပြည်ဝင်ခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
 

ပြည်ဝင်ခွင့် ပိတ်ပင်မှုသည် ဖေဖော်ဝါရီ ၁၈ ရက် မော်စကို စံတော်ချိန် ညသန်းခေါင်မှ စတင်သက်ရောက်ခဲ့ပြီး ပိတ်ပင်မိန့်ကို ဝန်ကြီးချုပ် မီခေး မီရှူစတင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုကျယ်ပြန့်လာနေသဖြင့် ကာကွယ်သည့်အနေဖြင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ပြောကြားထားသည်။

ရုရှားသည် စောစီးစွာကတည်းက တရုတ်နှင့် ကုန်းမြေနယ်စပ်ချင်း ထိစပ်နေသော နယ်စပ်ဂိတ်များတစ်လျှောက် တရုတ်နိုင်ငံသားများ ဝင်ရောက်ခြင်းကို ကန့်သတ်ထားပြီးဖြစ်သည်။ ပိတ်ပင်ချက်အသစ်သည် ရုရှားမှတစ်ဆင့် လေယာဉ်ပြောင်းစီးကြမည့် တရုတ်ခရီးသည်များကို ချွင်းချက်ပေး ခွင့်ပြုထားကြောင်းလည်း သိရသည်။

လက်ရှိအချိန်ထိ ရုရှားနှင့် ပတ်သက်သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သုံးမှုသာ ရှိသေးသည်။ နှစ်မှုသည် ရုရှားသို့ ဝင်ရောက်လာသော တရုတ်နိုင်ငံသားနှစ်ဦးတွင် ဗိုင်းရပ်စ်တွေ့ရှိခြင်းဖြစ်ပြီး သီးခြားခွဲထားကာ ပြုစုကုသပေးခဲ့သဖြင့် သက်သာပျောက်ကင်းပြီး တရုတ်သို့ ပြန်သွားကြပြီဖြစ်သည်။ နောက်ထပ်တစ်ဦးမှာ ဂျပန်တွင် သီးခြားထိန်းသိမ်းကာ စောင့်ကြည့်ထားရသည့် အပျော်စီးသင်္ဘောပေါ်တွင် ရုရှားနိုင်ငံသားတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရမှုဖြစ်သည်။

ရုရှားသည် ဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကာကွယ်ရေးအတွက် တရုတ်မှ ပြန်လာသူများကို ဆေးရုံသို့ပို့ကာ သီးခြားခွဲထား စောင့်ကြည့်ခြင်းနည်းလမ်းများ အသုံးပြုလျက်ရှိသည်။ တရုတ်သို့ လေကြောင်းပျံသန်းမှု အများစုကို ရုရှားက ရပ်ဆိုင်းထားသလို၊ တရုတ်နှင့် မြောက်ကိုရီးယားသို့ ရထားပြေးဆွဲမှုများလည်း ရပ်ဆိုင်းထားသည်။

တရုတ်နိုင်ငံသားများအား ရုရှားတွင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များလည်း ထုတ်ပေးမှု ရပ်ဆိုင်းထားသည်။ ရုရှားတွင် ကျောင်းတက်နေသည့် တရုတ်ကျောင်းသားများ မတ်လ ၁ ရက်နေ့ထက်စောပြီး ပြန်မလာကြရန်လည်း ညွှန်ကြားချက် ထုတ်ပြန်ထားသည်။