COVID-19 ကိုရိုနာဗိုင်းရပ်စ်အရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးနှင့် စီးပွားထိခိုက်မှု လျှော့ချရေးအတွက် တရုတ်နှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလောသုံးဆယ် အစည်းအဝေး ကျင်းပခဲ့ကြခြင်းလည်း ဖြစ်သည်။ ခက်ခဲကျပ်တည်းနေချိန်တွင် အပြန်အလှန် ရိုင်းပင်းကူညီနိုင်ရေးအတွက် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ဝမ်ယီက ပြောသည်။ တရုတ်နိုင်ငံတွင် ဆားစ် ရောဂါဖြစ်ပွားစဉ်ကလည်း တရုတ်နှင့် အာဆီယံ နိုင်ငံများ အလားတူ အစည်းအဝေး ကျင်းပခဲ့ဖူးသည်။
တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့က စတင်ခဲ့သော COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ နှစ်ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ပြီး သေဆုံးသူ အများစုသည် တရုတ်နိုင်ငံတွင်းမှဖြစ်သည်။ ဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် တရုတ်အစိုးရသည် ဗိုင်းရပ်စ် ကူးစက်သည့် မြို့အများအပြားကို ပိတ်ဆို့ကာ ကူးသန်းသွားလာမှုများ ထိန်းချုပ်ခဲ့သလို၊ တရုတ်နှစ်သစ်ကူး အားလပ်ရက်ကိုလည်း တိုးမြှင့်ကာ နိုင်ငံအတွင်း လူအများ ကူးသန်းသွားလာမှုကို လျှော့ချခဲ့သည်။ ပြည်ပနိုင်ငံများနှင့်လည်း လေယာဉ်ခရီးစဉ်များ လျှော့ချကာ ပြင်ပသို့ ကူးစက်မှုများကို ထိန်းချုပ်ခဲ့သည်။
ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့တွင်လည်း ဗိုင်းရပ်စ် ကူးစက်မှုများ ရှိခဲ့သည့်အတွက် ထိုနိုင်ငံများသည် တရုတ်ပြည်မကြီးနှင့် တိုက်ရိုက်လေယာဉ်ပျံသန်းမှုများ ဆိုင်းငံ့ထားခဲ့သလို၊ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ပြုသည့် စနစ်ကိုလည်း ဆိုင်းငံ့ထားခဲ့ပြီး နယ်စပ်ဝင်ထွက်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးမှုများ တိုးမြှင့်ထားသည်။
ထိုင်းနိုင်ငံသည် တားမြစ်ချက်များ မရှိသေးသည့်တိုင် တရုတ်ပြည်မကြီးမှ ခရီးသည်ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံဝင်ငွေ၏ ငါးပုံတစ်ပုံသည် ခရီးသွားလုပ်ငန်းမှ ရရှိနေသည်။ ခရီးသည်ဝင်ရောက်မှု ကျဆင်းသည့်အတွက် ၂၀၂၀ ခုနှစ်အတွင်း ဒေါ်လာ ၈ ဘီလီယံနီးပါး နစ်နာနိုင်ကြောင်း ထိုင်းအစိုးရက ခန့်မှန်းထားသည်။

















