တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၁၈ ဦးရှိ၊ ကူးစက်ခံထားရသူ ၇၄၅၇၆ ဦးရှိနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၁၈ ဦးရှိ၊ ကူးစက်ခံထားရသူ ၇၄၅၇၆ ဦးရှိနေ

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ၂၁၁၈ ဦးရှိသွားပြီဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံထားရသူ ၇၄၅၇၆ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

တရုတ်၌ ရောဂါကူးစက်ခံရသူများအနက် ၈၀ ရာခိုင်နှုန်းနှင့် သေဆုံးသူများအနက် ၉၅ ရာခိုင်နှုန်းသည် ဟူပေးပြည်နယ်မှဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်၏စာရင်းအင်းများအရသိရသည်။

ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသည့် စစ်ဆေးသူများသည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဝူဟန်မြို့တွင်း တစ်အိမ်တက်ဆင်းသွားလာပြီး ရောဂါကူးစက်ခံရသူများကိုရှာဖွေခဲ့သည်။ နိ်ုင်ငံ ၂၄ နိုင်ငံခန့်တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူများစွာရှိနေပြီဖြစ်သည်။ ဟောင်ကောင်တွင် နှစ်ဦး၊ ထိုင်ဝမ်၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် ပြင်သစ်တို့တွင် တစ်ဦးစီသေဆုံးခဲ့ပြီးဖြစ်သည်။

တရုတ်သိပ္ပံပညာရှင်များသည် ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ စိုးရိမ်စရာသတင်းအချက်အလက်ကို ထုတ်ပြန်ခဲ့သည်။ ဝူဟန်သို့သွားရောက်ပြီးနောက် ဇန်နဝါရီတွင် ကွမ်တုံခရိုင်သို့ပြန်လာသူ ၁၄ ဦးတို့ကို စစ်ဆေးကြည့်ရာ ၎င်းတို့တွင် ဗိုင်းရပ်စ်အများအပြားကိုတွေ့ရှိခဲ့သည်။ လူနာများတွင် ဗိုင်းရပ်စ်သည် လည်ချောင်းတွင်ထက် နှာခေါင်းတွင်ပိုမိုများပြားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဂျပန်နိုင်ငံ ယိုကိုဟားမားကမ်းလွန်တွင် ဆိုက်ကပ်ထားသည့် စိန်မင်းသမီးသင်္ဘောပေါ်မှ ခရီးသည် ၅၀၀ ခန့်သည် ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် သင်္ဘောပေါ်မှထွက်ခွာခွင့်ရရှိခဲ့သည်။ သြစတြေးလျနှင့် ဟောင်ကောင်အစိုးရများသည်လည်း သင်္ဘောပေါ်မှ ၎င်းတို့နိုင်ငံသားများကို ပြန်လည်ခေါ်ယူပြီး ၁၄ သီးခြားထားရှိကာ စောင့်ကြည့်မှုများပြုလုပ်နေသည်။ သင်္ဘောပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၆၂၁ ဦးရှိခဲ့ကာ တရုတ်ပြင်ပတွင် ကူးစက်သူအများဆုံးရှိသည့် ဖြစ်ရပ်ဖြစ်ခဲ့သည်။

စိန်မင်းသမီးသင်္ဘောပေါ်မှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူများအနက် နှစ်ဦး သေဆုံးခဲ့ပြီး ၂၉ ဦး အခြေအနေစိုးရိမ်ရကြောင်း ဂျပန်မီဒီယာများက ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။ သေဆုံးသူနှစ်ဦးသည် အသက် ၈၇ နှစ်အရွယ် ဂျပန်နိုင်ငံသားအမျိုးသားတစ်ဦးနှင့် အသက် ၈၄ နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသမီးတစ်ဦးတို့ဖြစ်ကြကြောင်း နိုင်ငံပိုင် NHK သတင်းဌာနကဖော်ပြခဲ့သည်။