လူမျိုးရေးခွဲခြားမှု ဆောင်းပါးခေါင်းစဉ်ကြောင့် ဝေါစထရိဂျာနယ် သတင်းသမားသုံးဦးကို တရုတ် ပြည်နှင်ဒဏ်ပေး

လူမျိုးရေးခွဲခြားမှု ဆောင်းပါးခေါင်းစဉ်ကြောင့် ဝေါစထရိဂျာနယ် သတင်းသမားသုံးဦးကို တရုတ် ပြည်နှင်ဒဏ်ပေး

တရုတ်နိုင်ငံ ဂုဏ်သိက္ခာကို ကျဆင်းစေကာ လူမျိုးရေးအရ ခွဲခြားဆက်ဆံရာရောက်သော ဆောင်းပါးခေါင်းစဉ်ကြောင့် ဝေါစထရိဂျာနယ် သတင်းသမားသုံးဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း တရုတ်အစိုးရက ဖေဖော်ဝါရီ ၁၉ တွင် အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်အစိုးရကမူ တရုတ်၏ လုပ်ရပ်သည် သတင်းလွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်သည်ဟု ပြစ်တင်ခဲ့သည်။ အမေရိကန်သည်လည်း ပြီးခဲ့သည့်ရက်ကပင် အမေရိကန်မြေရှိ တရုတ်သတင်းအေဂျင်စီ ငါးခုကို လုပ်ငန်းလည်ပတ်ခွင့်များ တင်းကျပ်ခဲ့သည်။ ဝေါစထရိဂျာနယ်တွင် ဖော်ပြထားသော "တရုတ်နိုင်ငံဟာ အာရှရဲ့ တကယ့်လူနာပဲ" ဟူသော သဘောထားအမြင် ဆောင်းပါးသည် တရုတ်နိုင်ငံကို လူမျိုးရေးခွဲခြားနှိမ့်ချရာ ရောက်နေသဖြင့် တောင်းပန်ရန် တရုတ်အစိုးရက သတိပေးခဲ့သော်လည်း ဝေါစထရိဂျာနယ်ဘက်က ပျက်ကွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂန် ရှန်အန်က ပြောသည်။

ဝေါစထရိဂျာနယ် သတင်းသမားသုံးဦး၏ သတင်းယူခွင့်ကတ်ပြားကို သိမ်းဆည်းလိုက်ပြီဟု ဂန်ရှန်အန်က ထုတ်ပြန်သည်။ အမေရိကန်နိုင်ငံသား ဗျူရိုဒုတိယအကြီးအကဲ ဂျို့ရှ်ချင်နှင့် သတင်းထောက် ချောင်တန်၊ သြစတြေးလျနိုင်ငံသား ဖိလစ် ဝမ်တို့ကို ငါးရက်အတွင်း နိုင်ငံမှ ထွက်သွားရန် တရုတ်အစိုးရက ညွှန်ကြားထားသည်။

တရုတ်အစိုးရအနေဖြင့် တန်ပြန်ဆောင်းပါးမျိုးဖြင့် ချေဖျက်ခြင်းသာ ပြုသင့်ကြောင်း၊ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ရာရောက်သည့် လုပ်ရပ်မျိုး မကျူးလွန်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုက မှတ်ချက်ပေး ပြောကြားသည်။ ပြည်နှင်ဒဏ်ပေးခံရသော သတင်းသမားသုံးဦးသည် ဝေါစထရိဂျာနယ်၏ သတင်းဌာနဘက်မှဖြစ်ပြီး၊ အတွေးအမြင် ဆောင်းပါးကို တာဝန်ယူထည့်သွင်းခဲ့သည့် အယ်ဒီတာဌာနပိုင်းတွင် လုပ်ကိုင်သူများ မဟုတ်ကြောင်းလည်း သိရသည်။

အတွေးအမြင်ဆောင်းပါးကို ဘရတ်ကောလိပ်ပါမောက္ခ ဝေါ်လ်တာ ရပ်ဆဲမတ်က ရေးသားခြင်းဖြစ်ပြီး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအရေး တရုတ်အစိုးရ ကိုင်တွယ်ပုံများကို ဝေဖန်ထားသည့် ဆောင်းပါးဖြစ်သည်။