အီရန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သေဆုံးသူနှစ်ဦးသည် အီရန်နိုင်ငံသားများဖြစ်ကြပြီး အစ္စလာမ်ဘာသာရေးဆိုင်ရာသင်တန်းကျောင်းများရှိနေသည့် ကွမ်မြို့မှဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံလက်အောက်ရှိ ဝိုင်ဂျေစီသတင်းဌာနကဖော်ပြခဲ့သည်။
အီရန်နိ်ုင်ငံသားနှစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ဖြင့် အရှေ့အလယ်ပိုင်းတွင် ပထမဆုံးသေဆုံးသူများဖြစ်ကြသည်။ အီရန်မြို့တော် တီဟီရန်တောင်ဘက်ရှိ ကွမ်မြို့တွင်နေထိုင်သူ သက်ကြီးရွယ်အိုနှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ကီယာနို ဂျာဟန်ပူကပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူနှစ်ဦးကို အထူးကြပ်မတ်ကုသပေးခဲ့သော်လည်း အသက်အရွယ်ကြီးရင့်သောကြောင့် ရောဂါဒဏ်မခံနိုင်ဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ သေဆုံးသူနှစ်ဦးသည် အီရန်ပြင်ပသို့သွားရောက်သည်ဆိုသည့် အထောက်အထားကို မတွေ့ရကြောင်း အီရန်ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကူးစက်ရောဂါဌာန၏အကြီးအကဲ မိုဟမ္မဒ် မာဒီ ဂိုယာကပြောဆိုခဲ့သည်။

















