မြဝတီ အဆောက်အဦကြမ်းခင်းပြိုကျရာက ပန်းရံဆရာ နှစ်ဦး သေဆုံး

မြဝတီ အဆောက်အဦကြမ်းခင်းပြိုကျရာက ပန်းရံဆရာ နှစ်ဦး သေဆုံး

မြဝတီမြို့၌ အဆောက်အဦကြမ်းခင်းပြိုကျရာက ပန်းရံဆရာ နှစ်ဦး သေဆုံးမှုကို သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကက္ကိုလ်မြိုင်ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်၌ ဆောက်လုပ်ဆဲ အလျား(၅၀)အနံ(၇၀)ပေ အမြင့်(၁၅)ပေရှိ တစ်ထပ် အဆောက်အဦပြိုကျမှုဖြစ်ပွားပြီး လူသေဆုံးကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နေ ပန်းရံလုပ်ကိုင်သူ ဖိုးကူး(၄၂ နှစ်) တွင် ဝမ်းဗိုက်ညိုမဲ၊ ရင်အုံညိုမဲ၊ ကျောကုန်းပေါက်ပြဲဒဏ်ရာများဖြင့်လည်းကောင်း၊ မြဝတီမြို့နေ နေထက်လင်း(၂၅)နှစ် တွင် ကျောကုန်းနောက်စုတ်ပြဲ၊ ယာဘက်ပါးစုတ်ပြဲ၊ နှာခါင်းသွေးထွက်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့သည်။

စုံစမ်းချက်အရ လွန်ခဲ့သော သုံး ရက်ခန့်က ဆောက်လက်စ အဆောက်အဦကြမ်းခင်း စလစ်လောင်းထားစဉ် ဒေါက်တိုင်များအား ဖြုတ်ခဲ့ကြရာမှ ကြမ်းခင်းစလစ်ပြိုကျကာ ၎င်းတို့အပေါ်သို့ ပိကျခဲ့ခြင်းဖြစ်ကြောင်း အတူလုပ်ကိုင်သူများက ပြောဆိုသည်။

သက္ကန်းညီနောင်ရဲစခန်း က သေမှုသေခင်း အမှတ်တ်စဉ်၁/၂၀၂၀ဖြင့် ဖွင့်လှစ်စစ်ဆေးလျက်ရှိသည်။