ပေကျင်း - တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ပိုးသစ်ကြောင့် ရောဂါကူးစက်မှုမှာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဆက်လက်ကျဆင်းလျက်ရှိပြီး ကူးစက်မှုသစ် ၁,၇၄၉ ဦးနှင့်နောက်ထပ် သေဆုံးသူ ၁၃၆ ဦးသာရှိကြောင်း၊ ယခုအခါရောဂါစတင်ဖြစ်ပွားသည့် နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်ဒေသတွင် ရောဂါကူးစက်ခံရသည့် ဝေဒနာရှင်များကို မြို့တွင်း၌ သီးခြားခွဲထားပြီး ကူးစက်မှုကိုဟန့်တားလျက်ရှိကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုနေ့မှာပင် ဝူဟန်မြို့၌ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တစ်အိမ်တက်ဆင်း လိုက်လံဆောင်ရွက်လျက်ရှိသည်။
တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံရသူ ဝေဒနာရှင်စုစုပေါင်း ၇၄,၁၈၅ ရှိပြီး သေဆုံးသူ ၂,ဝဝ၄ ဦးရှိကြောင်း သတင်းရရှိခဲ့သည်။ အသစ်ကူးစက်ခံရမှုမှာ လွန်ခဲ့သည့် နှစ်ရက်အတွင်း ၂,ဝဝဝ အောက်ထိ ကျဆင်းခဲ့သည်။ သို့ရာတွင် တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလအတန်ကြာ ရရှိပြီးနောက်ပိုင်း လုပ်ငန်းခွင်သို့ အလုပ်သမားများ တဖြည်းဖြည်းဝင်ရောက်လာနေသဖြင့် ရောဂါဖြစ်ပွားသည့်အန္တရာယ်မှာ ပို၍အရေးကြီးသည့် ကူးစက်ပြန့်ပွားမှု ပေါ်ပေါက်မည့်အန္တရာယ်ရှိကြောင်း ကျန်းမာရေးအရာရှိများနှင့် ဆန်းစစ်လေ့လာသူများက သတိပေးပြောကြားခဲ့သည်။
ဟောင်ကောင်တွင် ရောဂါကူးစက်သူ ဝေဒနာရှင် ၆၂ ဦးတွင် ဒုတိယမြောက်သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း မာဂရက်မင်းသမီးဆေးရုံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။ မီဒီယာများ၏ ရေးသားချက်အရ သေဆုံးသူမှာ အသက် ၇ဝ အရွယ် အဘိုးအိုတစ်ဦးဖြစ်ကြောင်း သိရသည်။
အများက ဝေဖန်ပြောကြားနေကြသော ရောဂါ ခြေချုပ်ချထားခံရသော ဂျပန်နိုင်ငံရှိ အပျော်စီး ဇိမ်ခံသင်္ဘောကြီးကိုလည်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ရောဂါခြေချုပ်ချထားမှု အဆုံးသတ်ခဲ့သည်။ အဆိုပါ စိန်မင်းသမီးသင်္ဘောတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၄၂ ဦးရှိပြီး တရုတ်နိုင်ငံပြင်ပတွင် ရောဂါကူးစက်မှု အများဆုံးနေရာ ဖြစ်ခဲ့သည်။ ဆေးဘက်ဆိုင်ရာ ပါရဂူများက ရောဂါခြေချုပ်ချထားခြင်း မအောင်မြင်ဟု ဝေဖန်ခဲ့ကြသည်။
ယခုအခါ ကမ္ဘောဒီးယားဆိပ်ကမ်းတွင်ရှိသော နောက်ထပ် ဇိမ်ခံသင်္ဘောကြီးဖြစ်သည့် MS Westerdam ပေါ်က ခရီးသည်များကို စစ်ဆေးရာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။ လွန်ခဲ့သောရက်သတ္တပတ်က အဆိုပါသင်္ဘောကြီး ဆိုက်ကပ်ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံတွင် ဆင်းသက်ခဲ့ကြသည့် ခရီးသည် ၇ဝဝ နီးပါးအနက် တစ်ဦးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ရောက်ပြီးနောက် စစ်ဆေးရာခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ခဲ့ရသည်။ ထိုခရီးသည်မှာ အသက် ၈၃ နှစ်အရွယ်ရှိ အမေရိကန်အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ ထို MS Westerdam သင်္ဘောကြီးကို ဂျပန်၊ ထိုင်ဝမ်ကျွန်း၊ ဖိလစ်ပိုင်၊ ဂူအမ်နှင့် ထိုင်းနိုင်ငံတို့က ဆိပ်ကမ်းကပ်ခွင့် မပြုခဲ့ပေ။ အကြောင်းမူ ၄င်း သင်္ဘောတွင်လိုက်ပါလာသည့် ခရီးသည်များကြောင့် ဗိုင်းရပ်စ်ပိုး ပြန့်ပွားနိုင်သည့်အရေးကို စိုးရိမ်၍ ဖြစ်သည်။
တရုတ်နိုင်ငံတွင် ရောဂါကူးစက်မှု အပြင်းထန်ဆုံး ဖြစ်ခဲ့သည့် ဟူပေပြည်နယ်ရှိ မြို့ကြီးအတော်များများကို ပိတ်ဆို့ထားပြီး ပို့ဆောင်ရေးလုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းထားသည့် ရောဂါခြေချုပ်ချထားရေး၊ ဆေးကုသရေး၊ အစားအစာနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းတို့မှလွဲ၍ အခြားလှုပ်ရှားမှုများကို ခွင့်မပြုခဲ့ပေ။
ထို့ပြင် တရုတ်နိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပမည့် အကြီးဆုံး နိုင်ငံရေးအစည်းအဝေးပွဲကြီးဖြစ်သည့် နှစ်ပတ်လည်ကွန်ဂရက်ကို မတ်လအတွင်း စတင်ကျင်းပရန် ရှိသော်လည်း ဗိုင်းရပ်စ်ပိုးပြန့်ပွားမှုများ ယခုအချိန်ထိတိုင် ရှိနေသေးသဖြင့် ပေကျင်းမြို့သို့ လူများ ခရီးသွားလာမှုများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရက်ရွှေ့ဆိုင်းထားလိုက်သည်။ အကြီးဆုံးမော်တော်ယာဉ်ပြပွဲကြီး တစ်ခုကိုလည်း အလားတူ ရက်ရွှေ့ဆိုင်းခဲ့သည်။ အားကစားပွဲများနှင့် ဖျော်ဖြေပွဲအတော်များများကိုလည်း အချို့ကို ဆိုင်းငံ့၊ အချို့ကို ဖျက်သိမ်းခဲ့သည်။
ယခုအခါ ကမ္ဘာ့နိုင်ငံအတော်များများက ရောဂါ ထပ်မံပြန့်ပွားမှုများကို ဟန့်တားနိုင်ရန် တရုတ်ပြည်မှလာသော လေယာဉ်များ သို့မဟုတ် တရုတ်ပြည်သို့ ပျံသန်းမည့် လေယာဉ်ခရီးစဉ်များ အားလုံးကို ပယ်ဖျက်ခဲ့ပြီး နယ်စပ်ဒေသတွင် ရောဂါစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိသည်။ ယခုအခါ တရုတ်ပြည်မကြီး၏ ပြင်ပ နိုင်ငံပေါင်း နှစ်ဒါဇင်နီးပါးတွင် ရောဂါကူးစက်မှု စုံစမ်းတွေ့ရှိရပြီး ရောဂါကူးစက်မှုပေါင်း ၁,ဝဝဝ နီးပါး အတည်ပြုနိုင်ခဲ့သည်။ ဟောင်ကောင်ကျွန်း၊ ထိုင်ဝမ်ကျွန်း၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် ပြင်သစ်နိုင်ငံတို့တွင် အဆိုပါရောဂါပိုး ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ငါးဦး ရှိခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် သင်္ဘောကြီးပေါ်က ဂျပန်မိသားစုဝင်တစ်ဦးနှင့် တောင်ကိုရီးယားနိုင်ငံသား ခြောက်ဦးတို့ကို ခေါ်ဆောင်လာခဲ့ပြီး ၄င်းတို့အားလုံးကို ဖေဖော်ဝါရီ ၁၉ ရက်မှ စ၍ နောက်ထပ် ၁၄ ရက် ရောဂါခြေချုပ် ချထားခဲ့သည်။ အမေရိကန်လူမျိုး ခရီးသည် ၃ဝဝ ကျော်ကို စောစောပိုင်းက ခေါ်ဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် ရောဂါခြေချုပ် ချထားခဲ့သည်။ ၄င်းခရီးသည်များအနက် ၁၄ ဦးထက်မနည်းမှာ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရသည်။

















