တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၃၆ ဦးရှိ၊ ကူးစက်ခံရသူ ၇၅၄၆၅ ဦးရှိနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၂၃၆ ဦးရှိ၊ ကူးစက်ခံရသူ ၇၅၄၆၅ ဦးရှိနေ

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၂၁ ရက်အထိ ၂၂၃၆ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံထားရသူ ၇၅၄၆၅ ဦးရှိနေကြောင်း တရုတ်ကျန်းမာရေးကော်မရှင်ကထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်အထိ တရုတ်ပြည်မကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၈၈၉ ဦးရှိခဲ့ပြီး ယင်းသည် ယမန်နေ့တွင် ၃၉၄ ဦးရှိခဲ့ရာမှ ဦးရေထိုးတက်သွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူဦးရေသည်လည်း ၁၁၈ ဦးအထိမြင့်တက်ခဲ့ပြီး ၂၂၃၆ ဦးရှိခဲ့ကာ အများစုသည် ဟူပေးပြည်နယ် ဝူဟန်မြို့မှဖြစ်ကြသည်။

ရှန်တုံပြည်နယ်ရှိ အကျဉ်းထောင်နှစ်ခုနှင့် ကျဲကျန်းပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူများရှိခဲ့ကြောင်း ကျန်းမာရေးကော်မရှင်ကပြောဆိုခဲ့သည်။

တရုတ်ပြည်မကြီးအပြင်ဘက်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁ ဦးရှိနေပြီဖြစ်သည်။ တောင်ကိုရီးယားရှိ စတုတ္ထအကြီးဆုံး ဒဲဂူးမြို့တွင် ဗိုင်းရပ်စ်ကူးစက်မှုအကြီးအကျယ်ရှိနေပြီး လူများတွင် လူသူပြတ်လပ်ကာ မြို့နေများသည်လည်း ဗိုင်းရပ်စ်ကူးစက်ခံရမည်ကို စိုးရိမ်သည့်အတွက် နေအိမ်များထဲတွင် နေထိုင်နေကြသည်။

ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၆၉ ဦးနှင့် သေဆုံးသူနှစ်ဦးရှိနေသည့် ဟောင်ကောင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိပြီးနောက် အခြားရဲတပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာကိုလည်း သီးခြားထားရှိကာ စောင့်ကြည့်မှုများပြုလုပ်နေသည်။

အီရန်နိုင်ငံရှိ ဘာသာရေးစာသင်ကျောင်းများရှိသော ကွမ်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ဖြင့် လူနှစ်ဦးသေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူ နောက်ထပ်နှစ်ဦးကိုတွေ့ရှိခဲ့ပြီးနောက် ဘာသာရေးဆိုင်ရာအခမ်းအနားများကို ရပ်ဆိုင်းထားရန် အီရန်ကျန်းမာရေးအာဏာပိုင်များက ညွှန်ကြားခဲ့သည်။

ဂျပန်နိုင်ငံ ယိုကိုဟားမားကမ်းလွန်တွင် ဆိုက်ကပ်ထားသည့် သင်္ဘောမှ ပြန်လည်ခေါ်ယူလာသည့် သြစတြေးလျနိုင်ငံသားနှစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး ဆေးရုံတင်ကုသရန် ပြင်ဆင်နေကြောင်း သြစတြေးလျကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကနဦးကာကွယ်ဆေးကို ဧပြီအကုန်ပိုင်းလောက်တွင် စမ်းသပ်ခန်းတွင် စမ်းသပ်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဒုတိယဝန်ကြီး ရှူ နန်ဖျင်ကပြောဆိုခဲ့သည်။