တရုတ်နိုင်ငံတွင် အခြေတည်ဖြစ်ပွားပြီး ပြင်ပနိုင်ငံများသို့ပါ ကူးစက်လျက်ရှိသော COVID-19 ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့လေကြောင်းလိုင်းများ ဒေါ်လာ ၂၉ ဒသမ ၃ ဘီလီယံ နစ်နာရနိုင်ကြောင်း နိုင်ငံတကာ လေကြောင်းလုပ်ငန်းအဖွဲ့အစည်းက ထုတ်ပြန်ပြောကြားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် လေယာဉ်စီး ခရီးသွားလာမှုများ ကျဆင်းမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) က ခန့်မှန်းပြောကြားသည်။ တရုတ်နှင့် အာရှပစိဖိတ်ဒေသ လေကြောင်းများ အဓိက ထိခိုက်နစ်နာရနိုင်ကြောင်း IATA က ပြောသည်။
၂၀၂၀ ပြည့်နှစ်အတွင်း အာရှပစိဖိတ်ဒေသတွင်း လေကြောင်းလိုင်းများက ဒေါ်လာ ၂၇ ဒသမ ၈ ဘီလီယံနီးပါး ဝင်ငွေလျော့ကျနိုင်ပြီး၊ အာရှပစိဖိတ်အပြင်ဘက်ဒေသများမှ လေကြောင်းများက ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ဝင်ငွေလျော့ကျနိုင်ကြောင်း IATA က ခန့်မှန်းသည်။
တရုတ်လေကြောင်းလိုင်းများက ဒေါ်လာ ၁၂ ဒသမ ၈ ဘီလီယံ ဝင်ငွေထိခိုက်မည်ဖြစ်သည်။ ဗိုင်းရပ်စ်အရေးကြောင့် လေကြောင်းလိုင်းများသည် ခရီးစဉ်များ လျှော့ချပြေးဆွဲနေရသဖြင့် ၂၀၂၀ သည် လေကြောင်းလိုင်းများ ရပ်တည်ရေးအတွက် စိန်ခေါ်မှု ပြင်းထန်သည့်နှစ် ဖြစ်မည်ဟု IATA အမှုဆောင်အရာရှိချုပ် အလက်ဇန္ဒား ဒီ ဂျန်နက်က ပြောသည်။
၂၀၀၃ ခုနှစ်က ဆားစ်ရောဂါ ဖြစ်ပွားစဉ်က လေကြောင်းလိုင်းများ ဝင်ငွေကျဆင်းမှုအပေါ် အခြေခံကာ ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ် သက်ရောက်နိုင်ခြေကို ခန့်မှန်းထားခြင်းဖြစ်ကြောင်း IATA က ပြောသည်။ ဆားစ်ရောဂါကြောင့် အာရှ ပစိဖိတ်ဒေသတွင် ထိုစဉ်က လေကြောင်းပျံသန်းမှု ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
သြစတြေးလျမှ Qantas လေကြောင်းလိုင်းကလည်း ဗိုင်းရပ်စ်အရေးကြောင့် လေကြောင်းပျံသန်းမှုများ လျှော့ချထားရသဖြင့် ယခုနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀ မှ သန်း ၁၅၀ ကြား ဝင်ငွေကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။ Air-France KLM ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူရို သန်း ၁၅၀ မှ သန်း ၂၀၀ ကြား ဝင်ငွေကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

















