တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၂၂ ရက်အထိ ၂၄ နာရီအတွင်း ၁၀၉ ဦးရှိခဲ့ပြီး နိုင်ငံတစ်ဝန်း ဖေဖော်ဝါရီ ၂၂ ရက်အထိ သေဆုံးသူ ၂၃၄၅ ဦးရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၃၉၇ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် ကူးစက်ခံရသူ ၉၀ဝ ဦးရှိခဲ့ရာမှ ထိုးကျသွားခဲ့သည်။ နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၆၀ဝ၀ ဦးရှိနေပြီဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူစာရင်းများကို သေချာစွာစစ်ဆေးပြီး ပြောင်းလဲထုတ်ပြန်ရန် တရုတ်ဗဟိုအစိုးရက ညွှန်ကြားခဲ့ပြီးနောက် ဟူပေးပြည်နယ်ရှိ အစိုးရအရာရှိများသည် စာရင်းပြန်စစ်ကာ ပိုတွက်မိသည်များထုတ်ပယ်ကာ စာရင်းသစ်တင်ပြခဲ့မှုကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေနှင့် သေဆုံးသူဦးရေ တိုးလာမှုကြောင့် ဗိုင်းရပ်စ်ကူးစက်မှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခြင်းရှိမရှိကို မေးမြန်းသည့်အခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်က ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူတစ်ဦး သေဆုံးခဲ့ကာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသူနှစ်ဦးရှိသွားပြီဖြစ်ကြောင်း တောင်ကိုရီးယားကျန်းမာရေးဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၄၂ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် ကူးစက်ခံထားရသူ ၃၄၆ ဦးရှိသွားပြီဖြစ်သည်။
ကူးစက်ခံရသူအများစုသည် နိုင်ငံတောင်ပိုင်း ဒေဂူးမြို့ရှိ ရှင်ချွန်ဂျီဘုရားကျောင်းနှင့် ဆက်စပ်မှုရှိနေကြောင်း ဌာနက ပြောဆိုခဲ့သည်။ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖျားနာခြင်းဖြင့် ရောဂါလက္ခဏာပြခဲ့သည့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှစတင်ခဲ့ခြင်းဖြစ်ပြီး ဘုရားကျောင်းတက်ရောက်ခဲ့သူ ၁၂၀ ဦးကျော် ကူးစက်ခံထားရပြီးဖြစ်သည်။အဆိုပါအမျိုးသမီးသည် ရောဂါရှိကြောင်း စစ်ဆေးမတွေ့ရှိမီတွင် ဘုရားကျောင်းသို့ လေးကြိမ်သွားရောက်ခဲ့သည်။

















