ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ ပြန့်ပွားခြင်း ကာကွယ်နိုင်မည့် အခွင့်အရေးသည် နည်းသထက် နည်းလာနေပြီဖြစ်သောကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် မြန်မြန်ထက်ထက် ဆောင်ရွက်ကြမှဖြစ်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၂၁ ရက်တွင် နှိုးဆော်လိုက်သည်။
COVID-19 ဗိုင်းရပ်စ် ပြန့်ပွားမှုသည် ထိန်းနိုင်သည့် အနေအထားတွင် ရှိနေသေးသော်လည်း အခွင့်အလမ်းသည် ကြာလေ နည်းလေ ဖြစ်နေကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်က ပြောသည်။
“ဗိုင်းရပ်စ်က ဘယ်ကိုမဆို ပြန့်ပွားနိုင်ခြေ ရှိနေတယ်။ သတိကြီးကြီးထား ကာကွယ်ကြဖို့လိုမယ်။ ပေါ့လျော့ရင်တော့ ဆိုးကျိုးများနိုင်တယ်” ဟု တဲဒရိုစ်က ပြောသည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပထမဆုံးအဖြစ် အီရန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ရက်အတွင်း လေးဦး သေဆုံးခဲ့ပြီး၊ ၁၈ ဦး ကူးစက်ခံရမှုသည် ဗိုင်းရပ်စ်၏ ပြန့်ပွားနိုင်စွမ်းကို ပြသနေကြောင်း တဲဒရိုစ်က ပြောသည်။ အီရန်သို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစက်များ ပေးပို့ထားကြောင်း WHO က ပြောသည်။
လက်ဘနွန်တွင်လည်း ဖေဖော်ဝါရီ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတစ်ဦးကို ပထမဆုံးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီး ဟာမတ် ဟတ်ဆန်က အသိပေးသည်။
WHO ဦးဆောင်ပြီး နိုင်ငံတကာကျွမ်းကျင်သူများ၊ တရုတ်ကျွမ်းကျင်သူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗိုင်းရပ်စ် ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ WHO ဦးဆောင်သော အဖွဲ့တွင် အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ နိုင်ဂျီးရီးယား၊ ရုရှား၊ စင်ကာပူနှင့် တောင်ကိုရီးယား ကျန်းမာရေးပညာရှင်များ ပါဝင်သည်။

















