ဝူဟန်မှပြန်ခေါ်လာသူများ လိုက်ပါလာသည့်ယာဉ်တန်းကို ယူကရိန်းဒေသခံများ ခဲနှင့်ပေါက် တားဆီး

ဝူဟန်မှပြန်ခေါ်လာသူများ လိုက်ပါလာသည့်ယာဉ်တန်းကို ယူကရိန်းဒေသခံများ ခဲနှင့်ပေါက် တားဆီး

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှ ပြန်ခေါ်လာသည့် ယူကရိန်းနှင့် အခြားနိုင်ငံသား ၇၀ ကျော်လိုက်ပါလာသော ယာဉ်တန်းကို ယူကရိန်းဒေသခံများက လမ်းတွင်တားဆီးကာ ခဲနှင့်ဝိုင်းထု မောင်းထုတ်မှု ဖြစ်ပွားခဲ့သည်။

ပြန်ခေါ်လာသူများကို ယူကရိန်းအလယ်ပိုင်း ပိုတာဗာဒေသ နိုဗီ ဆန်ဇာရီရွာအနီး သီးခြားဧရိယာရှိ ကျန်းမာရေးစင်တာတွင် ၁၄ ရက်ထားရှိ စောင့်ကြည့်မည်ဖြစ်သည်။ ပြန်လာသူများတွင် ကိုရိုနာဗိုင်းရပ်စ် ပါလာပြီး ဝန်းကျင်ကိုပါ ကူးစက်မည်ကို ဒေသခံများက စိုးရိမ်ကာ ၎င်းတို့ဒေသတွင် မထားရှိရေးအတွက် ယာဉ်တန်းကို တားဆီး ဆန္ဒပြ ခဲနှင့်ထုကြခြင်းဖြစ်သည်။ ခဲမှန်သဖြင့် ဘတ်စ်ကားမှန်တစ်ချပ် ကွဲသွားသော်လည်း ပြန်ခေါ်လာသူများ ကျန်းမာရေးစင်တာသို့ ဘေးကင်းစွာ ရောက်ရှိခဲ့သည်။

ကျန်းမာရေးဝန်ကြီး ဇိုယာနာ ကာလက်စကာက ဒေသခံများ မစိုးရိမ်စေရန်အတွက် ၎င်းကိုယ်တိုင် ကျန်းမာရေးစင်တာတွင် ၁၄ ရက်လုံးလုံး နေထိုင်မည်ဟု ကတိပြုထားသည်။ ယူကရိန်းနိုင်ငံသား ၄၅ ဦး၊ ဘီလာရုစ်၊ ကာဇက်စတန်၊ အာဂျင်တီးနား၊ အီကွေဒေါ၊ ကိုစတာရီကာ၊ ဒိုမီနီကန်ရီပတ်ဘလစ်၊ ပနားမားနှင့် အခြားနိုင်ငံများမှ ၂၇ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်တွင် လေယာဉ်ဖြင့် ဝူဟန်မြို့မှ ပြန်ခေါ်လာခြင်းဖြစ်သည်။

ယာဉ်တန်းကို ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်လိုက်ပါခဲ့ပြီး ဒေသခံများနှင့် ပဋိပက္ခများကြောင့် ရဲကိုးဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၂၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ယူကရိန်းပြည်သူများ သဘောထားကြီးမြတ်မှုကို ပြသရမည့်အချိန်ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောသည်။

ပြည်ထဲရေးဝန်ကြီး အာဆန် ဗာကော့ကလည်း ယခုလုပ်ရပ်သည် နိုင်ငံအတွက် ရှက်ဖွယ်ဟု ဝေဖန်ထားသည်။