ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအကူအညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ရှီကျင့်ဖျင်က ဘီလ်ဂိတ်ထံ စာရေးသားပြောဆို

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအကူအညီပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ရှီကျင့်ဖျင်က ဘီလ်ဂိတ်ထံ စာရေးသားပြောဆို

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကိုင်တွယ်ရေး အားပေးကူညီခဲ့သည့်အတွက် ဘီလ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းအား ကျေးဇူးတင်ရှိကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က စာတစ်စောင်ရေးသားပေးပို့ခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
 

တရုတ်နိုင်ငံ၌ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၂၂ ရက်အထိ လူ ၂၃၄၅ ဦးသေဆုံးခဲ့ပြီး ၇၆၀ဝ၀ ကျော် ကူးစက်ခံထားရသည်။ နိုင်ငံ ၂၅ နိုင်ငံကျော်တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူများလည်းရှိနေသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကမ္ဘာတစ်ဝန်းတုံ့ပြန်ရေးအတွက် ဒေါ်လာ သန်း ၁၀ဝ ထည့်ဝင်မည်ဖြစ်ကြောင်း ဘီလ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဘီလ်နှင့် မီလင်ဒါဂိတ်စ်ဖောင်ဒေးရှင်း၏ရက်ရောစေတနာထားမှုနှင့် ယခုကဲ့သို့ အင်မတန်အရေးကြီးသည့် ကာလတွင် တရုတ်ပြည်သူများနှင့်အတူရပ်တည်ပါကြောင်း ရေးသားထားသည့် စာတို့ကြောင့် အလေးအနက်ကျေးဇူးတင်မိကြောင်း ရှီက စာထဲတွင်ရေးထားသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်သည် ဗိုင်းရပ်စ်ကိုတိုက်ဖျက်ရန် အရေးကြီးသည့်အချိန်သို့ရောက်ရှိနေကြောင်း ရှီကပြောဆိုခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်တွင် လူသန်းပေါင်းများစွာသည် ပြည်နယ်အပြင်ဘက်သို့ ထွက်ခွင့်ပိတ်ပင်ခံထားရသည်။

တရုတ်၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၄၀ဝ နီးပါးရှိခဲ့သည်။ အစိုးရသည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် တပ်လှန့်ထားပြီး ကူးစက်ရောဂါကိုတားဆီးပြီး ကူးစက်ခံရသူများကို ကုသရန် ရှေးကမရှိခဲ့သည့် နည်းလမ်းများကိုကျင့်သုံးကာ အစွမ်းကုန်ဆောင်ရွက်နေကြောင်း ရှီကပြောဆိုခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေများနေသည့် ပြည်သူများကို ကာကွယ်ပေးခြင်း၊ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် ရောဂါရှိမရှိ အဖြေထုတ်ခြင်းအပါအဝင် ရှာဖွေရေး၊ သီးခြားခွဲထားရေးနှင့် ကုသရေးဆောင်ရွက်ချက်များအတွက် ရန်ပုံငွေကိုအသုံးပြုမည်ဖြစ်ကြောင်း ဂိတ်ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။