တရုတ်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်အပြင်ဘက်၌ ကူးစက်သူသစ်ဦးရေကျဆင်း၊ တောင်ကိုရီးယား၌ ကူးစက်ခံရသူနှစ်ဆတိုး

တရုတ်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်အပြင်ဘက်၌ ကူးစက်သူသစ်ဦးရေကျဆင်း၊ တောင်ကိုရီးယား၌ ကူးစက်ခံရသူနှစ်ဆတိုး

တရုတ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်အပြင်ဘက်၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကူးစက်သူသစ်ဦးရေ ကျဆင်းသွားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေ နှစ်ဆမြင့်တက်ခဲ့သောကြောင့် စိုးရိမ်မှုများရှိနေပြီဖြစ်သည်။
 

ဖေဖော်ဝါရီ ၂၃ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၆၄၈ ဦးရှိခဲ့ပြီး ယင်းသည် ယမန်နေ့ကထက် ပိုမိုများပြားခဲ့သော်လည်း ဟူပေးပြည်နယ်အပြင်ဘက်တွင် ၁၈ ဦးသာရှိခဲ့ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် စတုတ္တမြောက်လူနာတစ်ဦးသေဆုံးခဲ့ကာ ကူးစက်ခံရသူသစ် ၁၂၃ ဦးရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၂ မှ ၂၃ ရက်အတွင်း နှစ်ဆတိုးလာ၍ ၅၅၆ ဦးရှိလာခဲ့သည်။

ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံးရှိနေသည့် အီတလီနိုင်ငံ၌လည်း ဖေဖော်ဝါရီ ၂၂ ရက်အနှောင်းပိ်ုင်းအထိ လေးဆတိုးပြီး ၇၉ ဦးရှိခဲ့ကာ နှစ်ဦးသေဆုံးခဲ့ပြီးဖြစ်သည်။ အီရန်တွင်လည်း ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၁၀ ဦးရှိလာပြီး ကူးစက်ခံရသူ ၂၉ ဦးရှိနေကာ ခြောက်ဦးသေဆုံးခဲ့သောကြောင့် ပင်လယ်ကွေ့ရှိ အိမ်နီးချင်းနိ်ုင်ငံများတွင် စိုးရိမ်မှုများရှိနေပြီဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်အများစုသည် တရုတ်သို့ခရီးသွားခဲ့မှု၊ ကူးစက်ခံရသူများနှင့် ထိတွေ့ဆက်ဆံခဲ့မှုများမရှိသဖြင့် စိုးရိမ်စရာရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောဆိုခဲ့သည်။

ဗိုင်းရပ်စ်သည် တရုတ်အပြင်ဘက်ရှိ နိုင်ငံနှင့် နယ်မြေ ၂၆ ခုခန့်သို့ ပျံ့နှံ့သွားပြီဖြစ်ပြီး ယင်းနေရာများတွင် လူတစ်ဒါဇင်ကျော်သေဆုံးခဲ့သည်။ ဗိ်ုင်းရပ်စ်ကူးစက်ခံရသူစုစုပေါင်းအနက် ၂ရာခိုင်နှုန်းသေဆုံးခဲ့ပြီး သက်ကြီးရွယ်အိုများအတွက် အထူးစိုးရိမ်စရာရှိနေကြောင်း WHO ကပြောဆိုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူသစ်ဦးရေသည် ၉၇ ဦးရှိခဲ့ပြီး တစ်ဦးသာ ဟူပေးပြည်နယ်အပြင်ဘက်တွင်ရှိခဲ့ကာ ၈၂ ဦးသည် ပြည်နယ်မြို့တော် ဝူဟန်မြို့မှဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၆၉၃၆ ဦးရှိခဲ့ပြီး သေဆုံးသူ ၂၄၄၂ ဦးရှိနေပြီဖြစ်သည်။ လူနာ ၈၀ ရာခိုင်နှုန်းတွင် ရောဂါလက္ခဏာပြင်းထန်ခြင်းမရှိဘဲ ၂၀ ရာခိုင်နှုန်းတွင်သာ စိုးရိမ်ရကြောင်း WHO က ပြောဆိုခဲ့သည်။