ကိုရိုနာဗိုင်းရပ်စ် ကောလာဟလဖြန့်သည်ဟု အမေရိကန် စွပ်စွဲမှု ရုရှားငြင်းဆို

ကိုရိုနာဗိုင်းရပ်စ် ကောလာဟလဖြန့်သည်ဟု အမေရိကန် စွပ်စွဲမှု ရုရှားငြင်းဆို

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှင့်ပတ်သက်ပြီး ရုရှားသည် ကောလာဟလများ ဆိုရှယ်မီဒီယာပေါ်တွင် ဖြန့်နေကြောင်း အမေရိကန်က စွပ်စွဲထားမှုကို ရုရှားအစိုးရက ငြင်းဆိုလိုက်ကြောင်း သိရသည်။
 

ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်က စဖြန့်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားအကောင့်အများအပြားက ကောလာဟလဖြန့်နေကြောင်း အမေရိကန်အာဏာပိုင်များက စွပ်စွဲထားသည်။ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ် ဆိုရှယ်မီဒီယာများပေါ်တွင် ထောင်သောင်းချီသော ရုရှားအကောင့်များက အမေရိကန်ကို စွပ်စွဲကာ ကောလာဟလများ ဖြန့်နေကြောင်း အမေရိကန်အာဏာပိုင်များက ဆိုသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ အမေရိကန်သည် ရုရှားကို လုပ်ကြံစွပ်စွဲနေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

"အမေရိကန်ရဲ့ စွပ်စွဲချက်တွေဟာ သတင်းတုတွေပါ" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီရာ ဇာဟာရိုဗာက ရုရှား တက်စ် သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှ စတင်သည်ဟု အတည်ပြုထားသော COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနှစ်ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ကာ လူပေါင်း ၇၆၀ဝ၀ ကျော် ကူးစက်ခံထားရသည်။ ရုရှား ဆိုရှယ်မီဒီယာအကောင့် အများအပြားက ဗိုင်းရပ်စ်သည် အမေရိကန်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ်ကို စီးပွားစစ်ပွဲ ဆင်နွှဲရန် ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံထဲ ဖြန့်ဖြူးခဲ့ခြင်းဖြစ်ကြောင်း ရုရှား ဆိုရှယ်မီဒီယာအကောင့် အများအပြားက ဘာသာစကားပေါင်း များစွာဖြင့် သတင်းမှား ဖြန့်ချိလျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပနှင့် ဥရောပအာရှရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖိလစ် ရက်ကာက ပြောသည်။

ရုရှား ဆိုရှယ်မီဒီယာသုံးသူများ၏ ပို့စ်အချို့တွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု၌ မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ထူထောင်သူ ဘီလ်ဂိတ်သည်လည်း တာဝန်မကင်းကြောင်း စွပ်စွဲဖော်ပြထားသည်။ ရုရှား ဆိုရှယ်မီဒီယာသုံးသူများက အင်အားအလုံးအရင်းဖြင့် အမေရိကန်ကို ပြစ်တင်နေခြင်းကြောင့် ဗိုင်းရပ်စ်ထိန်းချုပ်ရေးတွင် အနောက်နိုင်ငံများ၏ အခန်းကဏ္ဍကို အာရှနှင့် အာဖရိကနိုင်ငံများ သံသယဝင်လာစေနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြောကြားသည်။