အီတလီနိုင်ငံ မြောက်ပိုင်း၌ ကိုရို နာဗိုင်းရပ်စ် ပြန့်ပွားနေမှု အခြေအနေဆိုးရွားနေ၍ ဖေဖော်ဝါရီ ၂၃ ရက်၌ ကစားရန် စီစဉ်ထားသည့် အီတလီစီးရီး အေပွဲသုံးပွဲ ရွှေ့ဆိုင်းခဲ့ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
အီတလီနိုင်ငံ မြောက်ပိုင်းရှိ လွမ်ဘာဒီဒေသနှင့် ဗနဲတိုတွင် ရောဂါ ကူးစက်မှု ပြန့်ပွားနေပြီး မကြာသေးမီက ဗနဲတို၌ နေထိုင်သည့် အသက် ၇၈ နှစ် အရွယ် အမျိုးသားကြီးတစ်ဦး သေဆုံး ခဲ့၍ ရောဂါကြောင့် သေဆုံးသူ နှစ်ဦး ရှိလာခဲ့သည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၂၃ ရက်၌ ကစားရန် စီစဉ်ထားသည့် အင်တာမီလန် နှင့် ဆမ်ဒိုးရီးယားပွဲ အပါအဝင် အတ္တလန္တာ–ဆက်ဆူအိုလို၊ ဗီရိုနာ–ကက်ဂလီ ယာရီပွဲများကို တာဝန်ရှိသူများက ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ အရေးပေါ် ကက်ဘိနက် အစည်းအဝေးအပြီး အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက "ဗနဲတိုနဲ့ လွမ်ဘာဒီ ဒေသမှာ ကစားဖို့ စီစဉ်ထားတဲ့ အားကစားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းလိုက်ပါတယ်"ဟု သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာ၌ ပြောကြားခဲ့သည်။
ရောဂါကူးစက် ပြန့်ပွားနေသော ဒေသများတွင် ကစားရန် စီစဉ်ခဲ့သည့် ဘောလုံးပွဲအချို့ကိုလည်း ရွှေ့ဆိုင်းခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ် ပွားနေသူ ၈၀ဝဝဝ နီးပါးရှိနေပြီး လူ အယောက် ၂၀ဝ၀ ကျော် သေဆုံးခဲ့သည်။















