ပေါ်တူဂီနှင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ဖေဖော်ဝါရီ ၂၂ ရက်က စပဲလ်နှင့် ကစားခဲ့သည့်ပွဲတွင် ၎င်း ၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲ ၁၀ဝ၀ ပြည့်အဖြစ် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြကာ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပြီးခဲ့သည့် သီတင်းပတ်က ဘရက်ရှားအား အနိုင်ရခဲ့သည့် ပွဲတွင် အနားပေးခံခဲ့ရပြီးနောက် စပဲလ်ပွဲ၌ ပြန်လည်ပါဝင် ခဲ့သည်။ စီရိုနယ်ဒိုသည် ပွဲချိန် ၃၉ မိနစ်၌ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပရိုဘဝ ၇၂၅ ဂိုး ပြည့်လာခဲ့ သည်။
စီရိုနယ်ဒိုသည် ၎င်း၏ ပွဲ ၁၀ဝ၀ ပြည့်တွင် ထူးထူး ကဲကဲ ဂိုးသွင်းနိုင်ခဲ့သည့်အပြင် မှတ်တမ်းတစ်ခု ပိုင်ဆိုင်ခဲ့ ကြောင်းလည်း သိရသည်။ အီတလီ စီးရီးအေပြိုင်ပွဲတွင် ယခင်က စီးရီးအေ ၁၁ ပွဲဆက် ဂိုးသွင်းနိုင်သူများအဖြစ် ၁၉၉၄–၉၅ ရာသီက ဘာတစ္စတူတာနှင့် ၂၀၁၈–၁၉ ဘောလုံး ရာသီက ကွာဂလီရယ်လာတို့ မှတ်တမ်းရေးထိုးနိုင်ခဲ့ရာ ယခု အခါ စီရိုနယ်ဒိုမှာ ကစားသမားနှစ်ဦး၏ မှတ်တမ်းကို လိုက်မီ ခဲ့သည်။ ယခုရာသီ ၂၅ ဂိုးသွင်းထားသော စီရိုနယ်ဒိုသည် ကလပ်ကစားသမားဘဝ ၆၂၆ ဂိုး သွင်းယူထားပြီး နိုင်ငံ အသင်းအတွက် ၉၉ ဂိုး သွင်းယူထားသည်။
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် အီဘာအား ငါးဂိုး ပြတ် အနိုင်ရခဲ့သည့်ပွဲတွင် ဟက်ထရစ်ရခဲ့ရာ စီရိုနယ်ဒို၏ ကလပ်ကစားသမားဘဝ ဟက်ထရစ် ၄၇ ကြိမ်ကို တစ်ပွဲ အသာဖြင့် ကျော်ဖြတ်ကာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် လေးပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် အီဘာပွဲတွင် လေးဂိုးအထိ သွင်းယူနိုင်ခဲ့သည်။ ၎င်းတို့အသင်း ကို ဂိုးများသွင်းယူခဲ့သော မက်ဆီအား ဂုဏ်ပြုပါကြောင်း အီဘာအသင်းက တွစ်တာမှတစ်ဆင့် ချီးကျူးခဲ့သည်။















