တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၉၂ ဦးရှိ၊ ကူးစက်ခံထားရသူ ၇၇၁၅၀ ဦးရှိနေ

တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၉၂ ဦးရှိ၊ ကူးစက်ခံထားရသူ ၇၇၁၅၀ ဦးရှိနေ

တရုတ်နိုင်ငံ၌ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ဖေဖော်ဝါရီ ၂၄ ရက်အထိ ၂၅၉၂ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
 

ဖေဖော်ဝါရီ ၂၄ ရက်အထိ ၂၄ နာရီအတွင်း ထပ်မံသေဆုံးသူ ၁၅၀ ကျော်ရှိခဲ့ပြီး တစ်ဦးမှလွဲ၍ ကျန်သူအားလုံးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်မှ ဖြစ်သည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် သေဆုံးသူ ၉၇ ဦးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် သေဆုံးသူဦးရေ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၄၀၉ ဦးရှိခဲ့ပြီး ၁၁ ဦးမှလွဲ၍ ကျန်လူများသည် ဟူပေးပြည်နယ်မှဖြစ်ကြသည်။ တရုတ်ပြည်မကြီး၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၇၇၁၅၀ ဦးရှိနေပြီ ဖြစ်သည်။

ဟူပေးပြည်နယ်နှင့် တရုတ်နိုင်ငံပြင်ပတို့၌ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ တိုးပွားလာနေသော်လည်း တရုတ်နိုင်ငံရှိ ပြည်နယ်များစွာတို့တွင် ရက်ပေါင်းများစွာ ဆက်တိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ လုံးဝမရှိဘဲ ရှိခဲ့သည်။ တရုတ်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ယွမ် ၉၉ ဒသမ ၅ ဘီလျံ( ဒေါ်လာ ၁၄ ဒသမ ၁၆ ဘီလျံ) ကို အသုံးပြုမည်ဖြစ်ကြောင်း လက်ထောက်ဘဏ္ဍာရေးဝန်ကြီး အို ဝမ်ဟန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ဟူပေးပြည်နယ် အပြင်ဘက်၌ သေဆုံးသူတစ်ဦးမှာ ဟိုင်နန်ပြည်နယ်မှ အသက် ၅၅ နှစ်အရွယ် ဆရာဝန်တစ်ဦးဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်သို့ ပျံ့နှံ့လျက်ရှိပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှတို့ရှိ နိုင်ငံအချို့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ များစွာရှိနေပြီဖြစ်သည်။

အီတလီ၌ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် တတိယမြောက်သေဆုံးသူရှိလာခဲ့ပြီး အာဏာပိုင်များသည် ဘောလုံးပွဲစဉ်များကို ခေတ္တရပ်ဆိုင်းထားပြီး ဗင်းနစ်ကာနီဗယ်ပွဲတော်ကိုလည်း ရက်တိုတိုသာကျင်းပကာ ရပ်ဆိုင်းခဲ့သည်။အီရန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူရှစ်ဦးရှိနေပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများကလည်း အီရန်မှခရီးသွားများကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပြီဖြစ်သည်။