ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် မြောက်ကိုရီးယားတွင် နိုင်ငံခြားသား ၃၈၀ ကို သီးခြားခွဲထားကာ ရက်ပေါင်း ၃၀ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသား အများစုသည် မြို့တော် ပြုံယမ်းတွင် အခြေစိုက်သော ပြည်ပသံတမန်များဖြစ်သည်။ နိုင်ငံခြားသား ၂၀ဝ ခန့်ကို လွန်ခဲ့သော ရက် ၃၀ ကတည်းက ၎င်းတို့၏ သံရုံးဝင်းအတွင်းမှ အပြင်မထွက်ရန် ညွှန်ကြားကာ သီးခြားခွဲထား စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားတွင် လက်ရှိအချိန်ထိ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မရှိသေးကြောင်း တွေ့ရသည်။
စောင့်ကြည့်ကာလ ရက် ၃၀ ပြည့်သွားသည့် နိုင်ငံခြားသားများကိုလည်း ရက်ထပ်တိုးကာ စောင့်ကြည့်လျက်ရှိပြီး ထပ်တိုးစောင့်ကြည့်ရက် မည်မျှ သတ်မှတ်ထားကြောင်းကိုမူ မသိရသေးချေ။ မြောက်ကိုရီးယားသည် တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသဖြင့် ဗိုင်းရပ်စ် ကူးစက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ နိုင်ငံတွင်းသို့ ဝင်ရောက်သည့် နိုင်ငံခြားသားတိုင်းကို ရက် ၃၀ သီးခြားခွဲထားကာ စောင့်ကြည့်မည်ဟု မြောက်ကိုရီးယားက ကြေညာထားသည်။
မြောက်ကိုရီးယား၏ အိမ်နီးချင်း တောင်ကိုရီးယားတွင် လူ ၇၆၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ခုနစ်ဦး သေဆုံးထားသည်။ စစ်သည် ၁၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်သည် ၇၇၀ဝ ခန့်ကို သီးခြားခွဲထားကာ ဗိုင်းရပ်စ် ရှိ မရှိ စောင့်ကြည့်လျက်ရှိသည်။ တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့က စတင်ခဲ့သော COVID-19 ဗိုင်းရပ်စ်သည် ၂၉ နိုင်ငံသို့ ပျံ့နှံ့လျက်ရှိပြီး ဥရောပတွင် အီတလီသည် ကူးစက်ခံထားရသူ ၁၅၂ ဦးဖြင့် အများဆုံးဖြစ်နေသည်။ အီတလီမြောက်ပိုင်း ဗီနတ်တိုနှင့် လွမ်ဘာဒီဒေသတို့မှ လူ ငါးသောင်းခန့်ကို သီတင်းနှစ်ပတ်ကြာ သီးခြားခွဲထားကာ စောင့်ကြည့်လျက်ရှိသည်။အီရန်နိုင်ငံတွင်လည်း အတည်ပြုထားနိုင်သည့် ဗိုင်းရပ်စ် ကူးစက်မှု ၄၃ မှု ရှိနေပြီး ရှစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။
တရုတ်နိုင်ငံ ဗိုင်းရပ်စ် ဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့တွင် သီးခြားစောင့်ကြည့်ရန် မလိုတော့သော ကျန်းမာရေးကောင်းမွန်နေသူများ မြို့မှ ထွက်ခွာလိုက ထွက်ခွာခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။တရုတ်ပြည်မကြီးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၀ဝ ကျော်လာပြီဖြစ်ပြီး လူ ရှစ်သောင်းနီးပါး ကူးစက်ခံထားရသည်။

















