တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူသစ်ဦးရေသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ၇၁ ဦးရှိခဲ့ပြီး နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၂၆၆၃ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်ဖြစ်သည့် ဟူပေးပြည်နယ်၌ သေဆုံးသူ ၆၈ ဦးရှိခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၅၀၈ ဦးရှိခဲ့ပြီး ယင်းတို့အနက် ကိုးဦးသာ ဟူပေးပြည်နယ်အပြင်ဘက်တွင်ဖြစ်ကြောင်း ကော်မရှင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိ်ုင်ငံတစ်ဝန်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၄၀၉ ဦးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဦးရေတက်လာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၇၆၅၈ ဦးရှိနေပြီဖြစ်သည်။
တရုတ်နိုင်ငံရှိ ပြည်နယ်များစွာတို့တွင် ရက်ပေါင်းများစွာဆက်တိုက် ဗိုင်းရပ်ကူးစက်ခံရသူသစ် လုံးဝမရှိဘဲရှိခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် တရုတ်နိ်ုင်ငံ၌ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၂၃ မှ ဖေဖော်ဝါရီ ၂ ရက်အထိ ဗိုင်းရပ်စ်ကူးစက်မှုအမြင့်ဆုံးအထိရှိခဲ့ပြီး ယင်းနောက်တွင် ကူးစက်ခံရသူသစ်ဦးရေ ကျဆင်းသွားခဲ့ကြောင်း WHO အကြီးအကဲ တဲဒရိုစ် အဓာနွမ် ဂျီဘရီယဲဆပ်စ်ကပြောဆိုခဲ့သည်။
တရုတ်တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကူးစက်ခံရသူသစ်ဦးရေ ကျဆင်းသွားခဲ့သော်လည်း အခြားနိ်ုင်ငံများတွင် ကူးစက်ခံရသူသစ်ဦးရေသည် အဆမတန်တိုးလာခဲ့ကြောင်း WHO နှင့် တရုတ်ကျွမ်းကျင်သူများအဖွဲ့ခေါင်းဆောင် ဘရုဏ် အိုင်ဝတ်ကပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်စဉ်ပြုလုပ်နေကျ လွှတ်တော်အစည်းအဝေးကိုလည်း ရက်ရွှေ့ဆိုင်းထားလိုက်ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် တရုတ်ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံးရှိနေသည့် တောင်ကိုရီးယားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ်ဦးရေသည် ၁၅ ဆတက်ပြီး ၈၉၃ ဦးရှိနေပြီဖြစ်သည်။ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရှိခဲ့သည့် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၆၀ ဦးအနက် ၄၉ ဦးသည် နိုင်ငံတောင်ပိုင်း ဒေဂူးမြို့နှင့် မြောက်ဂျွန်ဆန်းပြည်နယ်တို့မှဖြစ်ကြသည်။
တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူရှစ်ဦးရှိသွားပြီဖြစ်သည်။ ဒေဂူးမြို့ရှိ ဖျားနာသည့် လက္ခဏာပြသူ ဒေသခံ ၃၀ဝ၀ဝ ကို ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမည်ဖြစ်သည်။

















